စစ်ကောင်စီက WFP ဂိုထောင်ကို မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်သံ AA ထုတ်ပြန်

Author လဂွန်းအိမ်
Categories
Published on Jun 26, 2024

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာမှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ ဂိုထောင်ကို စစ်ကောင်စီနဲ့ လက်အောက်ခံတွေက မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်မှတ်တမ်းကို အာရက္ခတပ်တော်(AA)က မနေ့ ဇွန်လ ၂၅ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

 

ဇွန် ၂၁ ရက် ညနေ ၅ နာရီခန့်မှာ ပြုလုပ်ခဲ့တဲ့ ထိုမီးရှို့မှုတွင် စစ်ကောင်စီက စစ်သင်တန်းပေးထားတဲ့ မူဆလင်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ အာရက္ခတပ်တော်(AA)က ဆိုပါတယ်။

 

ဒါ့အပြင် ကျေးရွာရှိလူနေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးထားပြီး WFP ဂိုထောင်အတွင်းမှ ဘိလပ်မြေလို့ ယူဆရတဲ့ အထုပ်တွေကို သယ်ယူကာ ခရိုင်ကျေးလက်ရုံးမှာ ခံစစ်ပြင်နေတယ်လို့ AA က ထုတ်ပြန်ထဲ ဖော်ပြထားပါတယ်။

 

ဒရုန်းကင်မရာနဲ့ မှတ်တမ်းရယူထားတယ်လို့ယူဆရတဲ့ AA ရဲ့ ထုတ်ပြန်လာတဲ့ ရုပ်သံမှတ်တမ်းထဲ လူတချို့ ဂိုထောင်တွေထဲမှ အဖြူရောင်အိတ်များထမ်းကာ ဘန်ကာပုံစံဆောက်လုပ်နေတာကိုတွေ့ရှိရတဲ့အပြင် မီးလောင်နေဆဲ ဂိုထောင် နှစ်လုံးကို တွေ့မြင်ရသလို အဲဒီအနီးရှိ လူနေအိမ် ဆယ်လုံးထက်မနည်း မီးလောင်ပျက်စီးနေတာကို တွေ့မြင်ရပါတယ်။

 

ဓာတ်ပုံ – AA Info Desk