“စစ်ဘီလူးလက်ထက် ကုန်စျေးနှုန်းကို အံတုနေရတဲ့ ပြည်သူတွေ”
စစ်တပ်က အာဏာသိမ်းထားတာ သုံးနှစ်ကျော်လာတဲ့အချိန်မှာ ပြည်သူလူထုဟာ အကြေမွဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အဲဒီထဲ အဖိနှိပ်ဆုံးကတော့ ‘ကုန်ဈေးနှုန်း’ အဆမတန်မြင့်တက်နေခြင်းပါပဲ။ ပြည်သူတွေ ဒီဒဏ်ကို ဘယ်လောက်အထိ ခံစားနေရပါသလဲ။ ဘယ်ကုန်ဈေးနှုန်းတွေ ဘယ်လောက်အထိတက်နေပါပြီလဲ။ ဒါကို ဘယ်လိုရင်ဆိုင်အံတုနေကြသလဲဆိုတဲ့ ဖွင့်ဟသံတွေကို CJ Platform ကနေ ဖော်ပြအပ်ပါတယ်။
****************************************
“ဆန်ဆိုလည်း ဆန်ကြမ်းတစ်ပြည် ထောင်ဂဏန်းကနေ ခုဆို ၄၅၀ဝ/၅၀ဝ၀”
ရခိုင်ပြည်၊ တောင်ကုတ်က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး
တိုက်ပွဲတွေမဖြစ်ခင်ကတည်းကတော့ ဈေးတွေတရိပ်ရိပ်တက်နေတာ။ ခုဆို သံတွဲ၊ ရွှေလှေနားမှာ တိုက်ပွဲတွေဖြစ်တော့ ပိုဆိုးတယ်။ လမ်းတွေကတော့ အစကတည်းက စစ်တပ်ဘက်က တင်းကြပ်ထားတာလေ။ သူတို့နဲ့ ပေါင်းပြီး ကုန်သည်တွေလုပ်စားတာကြာပြီ။ ကြက်သွန်နီတစ်ပိဿာ အစက သုံးထောင်ဝန်းကျင်ကနေ ခုဆို ကိုးထောင်၊ တစ်သောင်း၊ ကြက်သွန်ဖြူဆိုလည်း လေးထောင်လောက်ကနေ အခုဆို ၂၅,၀ဝ၀၊ ခေါက်ဆွဲကြော်တဲ့ ကုလားအုပ်ခေါက်ဆွဲ တစ်ထုပ်ဆိုလည်း ရာဂဏန်းကနေ ခုဆို တစ်ထုပ် ၃၅၀ဝ၊ ရိုးရိုးဓာတ်ဆားတစ်ထုပ် အရင်က ၂၀ဝ/၃၀ဝ ကနေ ခုဆို ၉၀ဝ/၁၀ဝ၀၊ ဆီဆိုလည်း ဆယ်ပိဿာပုံး တစ်ပုံးကို အရင်က ငါးသောင်းကျော်၊ ခြောက်သောင်းလောက်ကနေ ခုဆို တစ်သိန်း ခုနစ်သောင်း၊ ဆန်ဆိုလည်း ဆန်ကြမ်းတစ်ပြည် ထောင်ဂဏန်းကနေ ခုဆို ၄၅၀ဝ/၅၀ဝ၀ ၊ ရခိုင်ပေါ်ဆန်းတစ်အိတ်ဆိုလည်း ငါးသောင်း၊ ခြောက်သောင်းကနေ ခုဆို တစ်သိန်းခွဲ၊ ရွှေဘိုတစ်အိတ်ဆိုရင် နှစ်သိန်းကျော်ပြီ။ ဝက်သား တစ်ပိဿာဆို အရင်က သောင်းဂဏန်းမကျော်ဘူး။ ခုဆို တစ်ပိဿာ နှစ်သောင်းခွဲ၊ အမဲသားဆို ၂၈,၀၀၀၊ သုံးသောင်းနီးပါး၊ ကြက်သား CP ကြက်မရတော့ဘူး။ ကြက်ဥဆို အရင်က ဘယ်သူမှတောင် လှည့်မကြည့်တာ။ ခုဆို တစ်လုံး ၆၅၀၊ ဘဲဥတစ်လုံး ၈၀ဝ၊ ဆေးပေါ့လိပ်ဆိုလည်း အရင်က တစ်ထုပ် နှစ်ထောင်၊ ၂၅၀၀ ကနေ ခုဆို တစ်ထုပ် ခြောက်ထောင်ကျော်ပြီ။ အရက်ဘီယာတွေလည်းဈေးတက်တယ်။ Adman Gold ဘီယာဆို အရင် ထောင်ကျော်ကနေ ခုဆို တစ်ဘူး ငါးထောင်ကျော်၊ ရခိုင်ကချက်တဲ့ ဓနိအရက် တစ်လီတာဆို အရင်က ၁၂၀ဝ ပဲ၊ ခုဆို တစ်လီတာ ၆၀ဝ၀၊ Grand Royal ဝီစကီ ပွိုင့် ၇ ပွိုင့် ၅ တစ်ပုလင်း ၂၈,၀ဝ၀၊ အစစအရာရာ အကုန်တက်တာ။ မီးမှန်တာတစ်ခုပဲ စိတ်အေးရတယ်။ ကျန်တာကတော့ ဖြစ်သလိုစားသောက်ရတာပါပဲ။
****************************************
“အခု ဆန်ဘာညာ တခြားဗာဟိရတွေမပါဘူး။ ဟင်းဖိုးတင် ၈၀ဝ၀ လောက်ကုန်တယ်။”
ပြည်မြို့က အိမ်ထောင်ရှင်မတစ်ဦး
ကျွန်မတို့အိမ်မှာ မိသားစုဝင် လေးဦးရှိတယ်။ အရင် အာဏာမသိမ်းခင်ကဆို တစ်ရက်ကို ဟင်းဖိုး ၃၅၀ဝ ကနေ ၅၀ဝ၀ ဆို တစ်နေကုန်လောက်တယ်။ ခုက ဈေးထဲမှာ ကြက်ဥ အလုံးချောချောဆို ၁၀ဝ၀ ဖိုး သုံးလုံးပဲရတော့တယ်။ တစ်လုံး နှစ်ရာတန်၊ သုံးရာတန်တွေက မချောဘူး။ ကန်စွန်းရွက်တစ်ပိုင်(တစ်စည်းကို ငါးပင်ခန့်ပါ ၅ စီး)ကို ၆၀၀။ ချဉ်ပေါင်လည်း အဲဒီလိုပဲ အကုန်ဈေးတက်နေတာ။ အခု ဆန်ဘာညာ တခြားဗာဟိရတွေမပါဘူး။ ဟင်းဖိုးတင် ၈၀ဝ၀ လောက်ကုန်တယ်။ ဆီကလည်း အရင်က စားအုန်းဆီတစ်ပိဿာကို ၁၅၀ဝ၊ ၂၀ဝ၀ ပဲ။ ခုက ၈၀ဝ၀ ကနေ ၁၀,ဝ၀ဝ ဖြစ်နေတာ။ နှမ်းဆီ၊ ပဲဆီဆို တစ်သောင်းကျော်ပေါ့။ ဆန်ကလည်း တက်တာပဲ။ သုံးလေးဆတွေကို တက်နေတာ။ အကုန်လုံး ချွေတာစားနေရတာ။
ခုက ကုန်ဈေးနှုန်းတွေတက်တော့ လခတိုးတယ်။ အရင်က ၆၀ဝ၀ ရတယ်။ ခုက ၇၀ဝ၀ ရတယ်။ စားလောက်ရုံပဲ။ အမျိုးသမီးလစဉ်သုံးတစ်ထုတ်ကို အာဏာမသိမ်းခင်က ငါးရာ၊ ခြောက်ရာပဲ။ ခု တစ်ထုပ်ကို ၁၈၀ဝ လောက်ရှိတယ်။ Family Care ဆပ်ပြာတွေဆို ကုန်ကြမ်းမဝင်တာကြာပြီ။ အစစ အကုန် ဈေးတက်နေတာ။ တော်တော်ခက်ခဲတယ်။
****************************************
“လူတွေလည်း တော်တော်ကိုကြပ်တည်း ရုန်းကန်နေကြရတာ။ အနာဂတ်က ဘယ်နားမှန်းကို မသိတော့ဘူး။”
ပြည်မြို့ ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး
မနက် မုန့်စားဖို့ကို ချိန်ဆနေရတယ်။ ဘာမှမပါတဲ့ ထမင်းသုပ်အလွတ်တစ်ပွဲကို ၁၀ဝ၀၊ အမဲသားချောင်းကြော် လက်ညိုးလောက်အရှည်ကို ၁၂၀ဝ။ ထမင်းသုပ်ကို ကြက်ဥ၊ အသားနဲ့စားရင် တစ်ပွဲ ၁၅၀ဝ ဖြစ်နေပြီ။ အရင်က ငါးရာပဲ။ လခကလည်း မစုမိပါဘူး။ ရွှေဈေးကလည်း လိုက်လို့တောင်မမှီတော့ဘူး။ ချွေတာစားရင် တစ်လကို ၆၀,ဝ၀ဝ လောက်တော့ ပိုပါတယ်။ ဆိုင်မှာ အခြေခံက ၅၅၀ဝ ကစတယ်လေ။ အဲဒီလိုရတဲ့သူတွေဆို မလောက်ကြဘူး။ လူတွေလည်း တော်တော်ကိုကြပ်တည်း ရုန်းကန်နေကြရတာ။ အနာဂတ်က ဘယ်နားမှန်းကို မသိတော့ဘူး။
****************************************
“တိုင်းရေးပြည်ရေးလေး အေးချမ်းမှ ဈေးတွေလည်း ပြန်ငြိမ်မယ်။”
စစ်ကိုင်းမြို့နယ်တွင်း ဒေသခံအမျိုးသမီးတစ်ဦး
အရင်က တစ်အိတ် သုံးလေးသောင်းနဲ့ ပေးဝယ်ရတဲ့ ဆန်တွေဆို ခုလို နိုင်ငံရေးမကောင်းတဲ့ကာလကြား တဖြည်းဖြည်းတက်လာတာ တစ်သိန်းကျော်တယ်။ အခုထွက်တဲ့ ဆန်အသစ်က ခုနစ်သောင်း၊ ရှစ်သောင်းပတ်ချာလည်ရှိတယ်လေ။ ကိုယ့်ဆိုင်လေးမှာလည်း နို့ဆီ၊ အဖန်ခြောက် အဲဒီလိုသုံးရတာတွေလည်း ဈေးတက်တော့ ရောင်းရေးဝယ်ရေးအဆင်ပြေလှကြီးမဟုတ်ဘူး။ ဒီတော့ နည်းနည်းချင်းပဲ ဝယ်စားနေရတယ်။ နေ့စဉ် အစားအသောက်အတွက် ဝယ်ရတာလည်း တခြားမပြောနဲ့။ ကြက်ဥ အရင်က တစ်ရာ၊ တစ်ရာ့အစိတ်ဆို အချောကြီးတွေရတယ်လေ။ အခုမကြားဘူးတဲ့ဈေးတွေဖြစ်လာတာ ၃၀ဝ ပတ်ချာလည်။ ဒါကြက်ဥ ရှိသေး။ အသားဟင်းမမှန်းရဲဘူး။ ဝက်၊ အမဲဆို တစ်ပိဿာ နှစ်သောင်း၊ ကြက်ဆို တစ်သောင်းကျော်တယ်။ ဒါကအရင်နဲ့ သိပ်မကွာပေမဲ့ စားရဖို့ချင့်ချိန်ရတာပေါ့လေ။ အဲဒါထက် တခြားအရာလေးဝယ်လိုက်ရင် နှစ်ခွက်သုံးခွက်ဖြစ်သွားတာပေါ့။ အဲဒီလိုလေးတွေရှိတယ်လေ။ အသားဟင်းထားဦး။ မနက်က ဝယ်မိတဲ့ ခဝဲသီး အစိတ်သား ၂၀ဝ၀ တဲ့၊ ခရမ်းချဉ်သီးဆို တစ်ပိဿာ ၃၈၀ဝ-၄၀ဝ၀ ဈေးလေ။ အသီးအရွက်တောင် အဲဒီလောက်ထိ ရှိနေတာ။ ကုန်ဈေးနှုန်းကဆို တရိပ်ရိပ်ကို ထိုးတက်လာတာ။ တိုင်းရေးပြည်ရေးလေး အေးချမ်းမှ ဈေးတွေလည်း ပြန်ငြိမ်မယ်။ အေးမယ်လို့ ထင်တာပဲ။ မြန်မြန်လည်း အေးချင်ပါပြီ။