“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (မေလ ၁၉ မှ ၂၅ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on May 25, 2024

ကမ္ဘာကြီးထဲ နေ့စဉ်ထူးခြားသတင်းတွေဖြစ်ပေါ်နေပေမဲ့ ဒီတစ်ပတ်(မေလ ၁၉ မှ ၂၅ ရက်အထိ)အတွင်း အထူးခြားဆုံးဖြစ်ခဲ့တာကတော့ ICJ ရဲ့ အစ္စရေးအပေါ် ထိုးစစ်ရပ်ဖို့ဆုံးဖြတ်ချက်သတင်း၊ ထိုင်ဝမ်ကို သိမ်းဖို့ ကျွမ်းပတ်ပတ်လည် တရုတ်အကြီးအကျယ်စစ်ရေးလေ့ကျင့်နေတဲ့သတင်း၊ အီရန်သမ္မတ ဈာပန လူထောင်ချီတက်ရောက်တဲ့သတင်း၊ ဗြိတိန်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုစတင်လိုက်တဲ့သတင်းနဲ့ စင်ကာပူလေကြောင်းလိုင်း လေယာဉ်မတော်တဆဖြစ် စတဲ့ထိပ်တန်းရောက်သတင်းတွေကို စုစည်းဖော်ပြအပ်ပါတယ်။

****************************************

 

“ICJ ရဲ့ အစ္စရေးထိုးစစ်ရပ်ဖို့ ဆုံးဖြတ်ချက် စစ်ပွဲရပ်တန့်သွားနိုင်မလား။”

 

ဂါဇာဒေသမှာ အစ္စရေး-ဟားမက်စ် စစ်ပွဲဖြစ်ပွားခဲ့တာ ၉ လတာကာလထဲ ရောက်လာခဲ့ချိန် အရပ်သားထိခိုက်သေဆုံးမှု၊ နေရပ်စွန့်ခွာရသူ၊ စားနပ်ရိက္ခာအခက်အခဲတွေ အလွန်အမင်းမြင့်တက်လို့ လာနေပါတယ်။

 

အဲဒီထဲ အစ္စရေးရဲ့ ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းကို ပြောင်းလာတဲ့ ထိုးစစ်တွေဟာလည်း တဖြည်းဖြည်းအရှိန်မြင့်တက်လို့လာနေပါတယ်။

 

ဒါကြောင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာကနေ ဟားမက်စ်အပေါ် အစ္စရေးရဲ့ ထိုးစစ်ရပ်ဖို့၊ စစ်ပွဲအဆုံးသတ်ဖို့ အလေးပေး တိုက်တွန်းတောင်းဆိုလာတာတွေ ရှိလာခဲ့ပါပြီ။ အရင် အစ္စရေးဘက်ရပ်ခဲ့သူတွေတောင် အစ္စရေးကို ရှုတ်ချလာခဲ့ကြပါပြီ။

 

အဲဒီလိုအချိန်မှာပဲ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က သောကြာနေ့ မေလ ၂၄ ရက်မှာ အီဂျစ်-ဂါဇာ နယ်စပ် ရာဖာမြို့ကို အစ္စရေးဘက်က ထိုးစစ်ဆင်နေတာတွေကို ချက်ချင်းရပ်ပစ်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

 

ICJ  တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ နာဝပ်ဖ် ဆာလမ်(Nawaf Salam)က “ရာဖာက အလွန်အမင်းထိခိုက်လွယ်တဲ့လူထုဟာ ထူးခြားဆိုးရွားနေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။ အစ္စရေး အစီအစဉ်နဲ့ ရာဖာက အရပ်သားတွေကို ရွှေ့ပြောင်းရာမှာလည်း အန္တရာယ်ဖြစ်နိုင်ခြေကို အပြည့်အဝ လျှော့ချပစ်နိုင်မလားဆိုတာ သံသယရှိတယ်လို့ ICJ က ပြောပါတယ်။

 

ICJ ရဲ့ အခုဆုံးဖြတ်ချက်ဟာ တောင်အာဖရိကနိုင်ငံရဲ့ အစ္စရေးလူမျိုးတုံးသတ်ဖြတ်နေမှုအပေါ် စီမံချက်ချပေးဖို့ တောင်းဆိုမှု တစ်ပတ်အကြာမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ICJ ဆုံးဖြတ်ချက်ကြောင့် အစ္စရေးရဲ့ ဟားမက်စ် စစ်သွေးကြွတွေ ပပျောက်ရေး စစ်ဆင်ရေးအပေါ် နိုင်ငံတကာဖိအားတွေတိုးလာစေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ICJ ဟာ အဆင့်မြင့်ဆုံး ကုလသမဂ္ဂရဲ့ တရားရေးအဖွဲ့အစည်းဖြစ်တာကြောင့်ပါ။

 

ICJ ရဲ့ အခုဆုံးဖြတ်ချက်ကို တောင်းဆိုသူ တောင်အာဖရိကက ချီးကျူးသလို နိုင်ငံတကာ တရားရေးအဖွဲ့အစည်းက ထင်ပေါ်သူတွေကလည်း ထုတ်ဖော်ချီးကျူးတဲ့အထိပါပဲ။

ဒီဆုံးဖြတ်ချက်ကြောင့် စစ်ပွဲရပ်ပြီး ဒုက္ခအတိတွေ့နေရတဲ့ ဂါဇာဒေသက အရပ်သားတွေ ပျော်ရွှင်ခွင့်ရသွားမလား။ အစ္စရေးက မသိကျိုးကျွံပြုပြီး ဆက်တိုးမလားဆိုတာတော့ စောင့်ကြည့်ချင်စဖွယ်ပါပဲ။

****************************************

 

“ထိုင်ဝမ်ကို သိမ်းဖို့ တရုတ် စစ်ရေးအကြီးအကျယ်လေ့ကျင့်နေ”

 

တရုတ်ခြိမ်းခြောက်မှု ခံနေရတဲ့ ထိုင်ဝမ်နိုင်ငံဟာ အမေရိကန်ဘက်ယိမ်းတဲ့ သမ္မတသစ် တက်ပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်ရဲ့ အကြီးမားဆုံးခြိမ်းခြောက်မှုကို ထပ်မံရင်ဆိုင်လိုက်ရပြန်ပါပြီ။

အဲဒါကတော့ ထိုင်ဝမ်ကျွမ်းပတ်လည်မှာ အင်အားအပြည့်နဲ့ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ အကြီးအကျယ်လာရောက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

 

“ဒါဟာ ထိုင်ဝမ်ကို သိမ်းပိုက်ဖို့လုပ်တာ” လို့ ပြောပါတယ်။

 

သူ့လက်အောက်မဝင်သ၍ ထိုင်ဝမ်ကို တန်ပြန်ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရက သောကြာနေ့ မေလ ၂၄ ရက်မှာ သတိပေးလိုက်ပါသေးတယ်။

 

မေ ၂၃ ရက်ကစတဲ့ တရုတ်ရဲ့ ထိုင်ဝမ် အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်း ထိုင်ဝမ်ကျွန်းဆွယ်အပြင် တရုတ်ပြည်မကြီးနဲ့ကပ်နေတဲ့ ကင်မန်(Kinmen)နဲ့ မတ်ဆု(Matsu)ကျွန်းတွေနားမှာ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေပါ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တရုတ်စစ်တပ်က လုပ်နေတာပါ။

****************************************

 

 

“ရဟတ်ယာဉ်ပြတ်ကျသေဆုံးတဲ့ အီရန် သမ္မတ ဈာပနပြုလုပ်”

 

အီရန် ဘာသာရေးခေါင်းဆောင် အလီ ခမာနီအရိုက်အရာကို ဆက်ခံနိုင်သူလို့ ယူဆခံထားရသူ ၆၃ နှစ်အရွယ် သမ္မတ ရေစီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ရဟတ်ပြတ်ကျမှုထဲ သေဆုံးခဲ့ရပါတယ်။

အီရန်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ အရှေ့အဇာဘိုင်ဂျန်ပြည်နယ်ထဲက တောင်တန်းတွေပေါ် ရဟတ်ယာဉ်နဲ့ ဖြတ်ကျော်ချိန် နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီးရဘ်ဒေါ်လာဟီယမ်(Hossein Amirabdollahian)နဲ့ နောက် ခြောက်ဦးနဲ့အတူ ပြတ်ကျသေဆုံးခဲ့ရတာပါ။

 

အီရန် သမ္မတ အီဘရာဟင် ရေစီရဲ့ ဈာပနကို အီရန်နိုင်ငံ မက်ရှ်ဟတ်(Mashhad)မြို့က အစ္စလာမ်ဘာသာရေး အထွဋ်အမြတ်ထားရာ အင်မမ် ရီဇာ(Imam Reza)ဗလီဝတ်ကျောင်းမှာ မေ ၂၃ ရက် ကြာသပတေးနေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီဗလီဝတ်ကျောင်းမှာပဲ သမ္မတကို မြှုပ်နှံခဲ့ပြီး ဈာပနာ အခမ်းအနားကျင်းပရာ Mashhad မြို့က လမ်းမတွေပေါ် နာရေးပို့သူ ထောင်ပေါင်းများစွာနဲ့ ပြည့်ခဲ့ပါတယ်။

 

သေဆုံး သမ္မတနေရာကို ဒုသမ္မတ မိုဟာမက် မို့ခ်ဘာ(Mohammad Mokhber)ကို ခမာနီ(Khamenei)က ယာယီ သမ္မတအဖြစ် ခန့်ထားပါတယ်။ အီရန် သမ္မတရွေးကောက်ပွဲကိုတော့ ဒီနှစ် ဇွန်လ ၂၈ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

****************************************

 

“ဗြိတိန်မှာ ရွေးကောက်ပွဲ မဲဆွယ်မှုတွေ စတင်”

 

ဒီနှစ်ထဲ ကျင်းပဖို့ရှိတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ရွေးကောက်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ ဗြိတိန်မှာ ရွေးကောက်ကျင်းပမယ့် ရက်စွဲ အတိအကျထွက်ရှိလာခဲ့ပြီးနောက် နိုင်ငံရေးပါတီတွေဟာ မဲဆွယ်မှုတွေ စတင်လိုက်ပါပြီ။

 

ဗြိတိန်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို July လ ၄ ရက်မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီး နောက်တစ်ရက်ဖြစ်တဲ့ မေ ၂၃ ရက် ကြာသာပတေးနေ့မှာပဲ နိုင်ငံရေးပါတီခေါင်းဆောင်တွေက မဲဆွယ် စည်းရုံးမှုတွေ စတင်လိုက်ကြတာပါ။

 

Conservative ပါတီရဲ့ လက်ရှိ ဝန်ကြီးချုပ် ရီရှီ ဆူနက်(Rishi Sunak)က အဲဒီနေ့မှာပဲ ရေဒီယိုနဲ့ ရုပ်သံအင်တာဗျူးတွေလုပ်ပြီး မဲဆွယ်ခဲ့ပါတယ်။ သူ့ပါတီကသာ နိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်အောင်လုပ်နိုင်မယ်လို့ သူတက်ခဲ့တဲ့ တခြားပွဲတစ်ခုမှာ ဆိုခဲ့ပါသေးတယ်။

သူက အဲဒီလိုပြောပေမဲ့ အတိုက်အခံ labour ပါတီခေါင်းဆောင် ခဲ စတာမာ(Keir Starmer)ကတော့ Conservatives တွေ ၂၀၁၀ ကစလို့ ဆက်တိုက်အာဏာယူထားပြီး နိုင်ငံကမောက်ကမဖြစ်အောင်လုပ်တာ အဆုံးသတ်ချိန်တန်ပြီလို့ မဲဆွယ်ပြောကြားပါတယ်။

 

ဗြိတိန်မှာ ၂၀၁၀ ခုနှစ်ထဲက အဆက်ဆက်အုပ်ချုပ်ခဲ့ကြတဲ့ ဒေးဗစ် ကင်မရွန်(David Cameron)၊ ထရီဇာ မေ(Theresa May)၊ ဘောရစ် ဂျွန်ဆင်(Boris Johnson)၊ လစ်ဇ် ထရပ်စ်(Liz Truss)နဲ့ လက်ရှိဝန်ကြီးချုပ် ရီရှီ ဆူနက်(Sunak)တို့အားလုံး Conservatives ပါတီက ဝန်ကြီးချုပ်တွေဖြစ်ကြပါတယ်။

ဗြိတိန်နိုင်ငံ EU ဥရောပသမဂ္ဂကနေ နုတ်ထွက်မှုနဲ့ ကိုဗစ်ကပ်ရောဂါတို့ရဲ့အကျိုးဆက်အဖြစ် နေစရိတ် စားစရိတ်တွေ မြင့်တက်တဲ့ဒဏ်ကို ဗြိတိန်ပြည်သူတွေ ခံစားနေရချိန်မှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။

****************************************

 

“နှလုံးရောဂါရှိသူတစ်ဦး ကွယ်လွယ်ပြီး ၃၀ ဒဏ်ရာရခဲ့တဲ့ လန်ဒန်-စင်ကာပူခရီးစဉ် လေယာဉ်မတော်တဆမှု”

 

လေယာဉ်အတွင်းပိုင်းဓာတ်ပုံတွေ လူမှုကွန်ရက်တွေပေါ်ပျံ့နှံ့ခဲ့တဲ့ လန်ဒန်-စင်ကာပူ ခရီးစဉ် လေယာဉ်မတော်တဆမှုမှာ နှလုံးရောဂါခံရှိသူလို့ယူဆရသူ တစ်ဦးသေဆုံးခဲ့ရတဲ့အပြင် ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

 

စင်္ကာပူ လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ဟာ ရာသီဥတုကြောင့် လေထဲမှာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခတ်တာခံခဲ့ရတာကြောင့် ခရီးစဉ်မပြီးဆုံးခင် လမ်းခုလတ် ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

 

လေယာဉ်ဟာ လန်ဒန်ကနေ စင်္ကာပူကိုပျံသန်းခဲ့တာဖြစ်ပြီး အာဒမန်ပင်လယ်ပြင်ကိုအဖြတ်မှာ ခုလိုကြုံခဲ့ရတာပါ။ သေဆုံးသူခရီးသည်ဟာ အသက် ၇၃ နှစ်အရွယ် ဗြိတိသျှခရီးသည်တစ်ဦးဖြစ်ပါတယ်။

 

အသက်အန္တရာယ်စိုးရိမ်ရသူ ၇ ယောက်ရှိပြီး လေယာဉ်တစ်ဦးအပါအဝင် ဒဏ်ရာအသင့်အတင့်ရသူ ၂၃ ယောက်လည်းပါဝင်ပါတယ်။ အနည်းငယ် ဒဏ်ရာရသူ ၉ ယောက်နဲ့ မဆိုစလောက် ဒဏ်ရာရသူ ၁၆ ယောက်ရှိတယ်လို့ သုဝဏ္ဏဘုမ္မိ လေယာဉ်ကွင်းက တာဝန်ရှိသူတွေက ဆိုပါတယ်။