လိုင်ဇာဝင်ပေါက် ပြန်ဖွင့်ခြင်း “အောင်ပွဲခံခြင်းမဟုတ်”၊ တစ်နိုင်ငံလုံးလွတ်မှုအရသာခံစားနိုင်ရန် ဆက်ကြိုးစားရဦးမည်ဟု KIA စစ်ဦးစီးချုပ်ဆို

Author ကိုထားဝယ်
Categories
Published on Apr 26, 2024

ကချင်လွတ်လပ်ရေးတပ်(KIA)ဌာနချုပ် လိုင်ဇာမြို့တွင် စစ်ကောင်စီတပ်သား ကင်းစင်သွားပြီဖြစ်သည့်အတွက် မြို့ဝင်ပေါက်ကို ဆယ်စုနှစ်တစ်ခုကြာအပြီး ပြန်လည်ဖွင့်လှစ်လိုက်သည်။

ယနေ့ နံနက်ပိုင်းတွင် လိုင်ဇာမြို့ဝင်ပေါက်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ယင်းဆိုင်းဘုတ်ကို လဂျာယန်ရွာအကျော်၊ ဗန်းမော်နှင့် လိုင်ဇာလမ်းဆုံထိပ်တွင် စိုက်ထူထားခဲ့ခြင်းဖြစ်သည်။

 

ထိုဖွင့်လှစ်မှုနှင့်ပတ်သက်၍ KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် “အောင်ပွဲခံခြင်းမဟုတ်ပါ” ဟု ရေးသားဖော်ပြသည်။

“ယနေ့မနက် အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။ (အောင်ပွဲခံခြင်းမဟုတ်ပါ) ဆယ်နှစ်ကျော်မှ လိုင်ဇာဝင်ပေါက်များ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသနေသူများ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးလွတ်လပ်မှုအရသာ ခံစားနိုင်ဖို့ ဆက်လက်ကြိုးစားကြရပါဦးမယ်” ဟု ၎င်းက ပြောဆိုသည်။

 

KIA သည် ယခုနှစ် မတ်လ ၇ ရက်နေ့မှစတင်၍ ၎င်းတို့ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီစခန်းများကို စတင်ရှင်းလင်းတိုက်ခိုက်မှုဖြင့် ကချင်စစ်မျက်နှာတွင် ထိုးစစ်စတင်ဖွင့်လှစ်ခဲ့သည်။

 

KIA သည် မတ်လ နှောင်းပိုင်းတွင် လိုင်ဇာအနီးရှိ စစ်ကောင်စီစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် မိုးမောက်မြို့တွင်းရှိ စစ်ကောင်စီစခန်းများကိုလည်း ကာလတိုအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

 

လက်ရှိအချိန်တွင်လည်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် KIA တို့ကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး KIA က စစ်ကောင်စီစခန်းများကို ဆက်လက်သိမ်းပိုက်နေဆဲဖြစ်သည်။

 

ဓာတ်ပုံ – ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော် လူမှုကွန်ရက်