မန္တလေးမှာ တစ်မနက်တည်း စက်သုံးဆီအရောင်းဆိုင်အပါအဝင် နေရာ ၃ ခုမှာ မီးလောင်ပြီး ၁ ဦး သေဆုံး

Author CJ Platform
Categories
Published on Mar 26, 2026

မန္တလေးတိုင်းထဲက ပျော်ဘွယ်၊ မိတ္ထီလာနဲ့ မဟာအောင်မြေမြို့နယ်တို့မှာ ဒီကနေ့ မတ် ၂၆ ရက် မနက်ပိုင်းမှာတင် စက်သုံးဆီဆိုင်အပါအဝင် နေအိမ်နဲ့ စက်မှုဇုန်တို့ မီးလောင်မှုဖြစ်ခဲ့ပြီး ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

 

ဒီကနေ့ မတ် ၂၆ ရက် မနက် ၉ နာရီခွဲခန့်မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်းနဲ့ ၃၇ လမ်းကြား ရှမ်းဝိုင်းရပ်ကွက်က လူနေအိမ်တစ်အိမ်မှာ မီးလောင်ခဲ့တာကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီမီးလောင်မှုဖြစ်တဲ့နေရာကို မဏီစလ လူမှုကူညီရေးအသင်းက ရေဘောက်ဆာယာဉ် ၂ စီးအပြင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်တွေနဲ့ သွားရောက်ငြှိမ်းသတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

မီးလောင်တဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ သေချာမသိရသေးပါဘူး။ လက်ရှိမှာတော့ ဒဏ်ရာရသူနဲ့‌ သေဆုံးသူ ၂ ဦးစလုံးကို မဏီစလ လူမှုကူညီရေးအသင်းနဲ့ မြတ်ရတနာ လူမှုကူညီရေးအသင်းတို့က မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

အလားတူ ဒီကနေ့ မနက် ၅ နာရီခန့်အချိန်ကလည်း မိတ္ထီလာမြို့၊ စက်မှုဇုန် (၂) လမ်းမှာ မီးလောင်မှုဖြစ်ခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်၊ ရေသယ်ယာဉ် ၁၂ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီခွဲအချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်မှာလည်း ဒီကနေ့ မနက် ၈ နာရီခွဲက မီးလောင်မှုဖြစ်ခဲ့တာကြောင့် ရမည်းသင်းခရိုင် မီးသတ်စခန်းက အုပ်ချုပ်မှုယာဉ် ၂ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ပျော်ဘွယ်မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ပြည်သာယာနယ်မြေ မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ အရန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၃ စီးတို့နဲ့ မနက် ၉ နာရီ ၂၀ ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်နေပြီး အလယ်ပိုင်းဒေသတွေမှာဆိုရင် ဒီကနေ့မှာ နေ့အပူချိန် ၃၈ ကနေ ၄၀ ဒီဂရီဆဲလ်စီးယပ်စ်လောက်အထိ ရှိနိုင်တာကြောင့် မီးဘေးအန္တရာယ် သတိပြုကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့