“စစ်ဘီလူးရန်ဘေးက အညာဒေသ စစ်ရှောင်တွေရဲ့ မိုးတွင်းကာလ အခက်အခဲများ”
“ဒုက္ခကတော့ ရောက်သလားမမေးနဲ့ နွေမိုးဆောင်းအကုန်လုံး ဒုက္ခတသီကြီးပဲ။” ဒီစကားလုံးကို စစ်ကိုင်းက စစ်ရှောင်တစ်ဦးက ဖွင့်ဟလိုက်တာပါ။ စစ်ဖိနပ်အောက် ရောက်ပြီးကတည်းက မြန်မာပြည်သူတွေဟာ ဒုက္ခတွင်းနက်ထဲ ရောက်သွားခဲ့ကြရတာပါပဲ။ နေ့တိုင်း ဒုက္ခသုက္ခတွေကြား အသက်ခန္ဓာလေး မြဲနေရေး အမျိုးမျိုးကြိုးပမ်းနေကြရတာပါ။ သူတို့မှာ အနာဂတ်လည်း မမျှော်၊ နောင်ရေးလည်း မကျော်ဘဲနဲ့ နေလာခဲ့ကြရတာ သုံးနှစ်ကျော်လာခဲ့ပါပြီ။ ဒီလိုဒုက္ခရောက်နေသူတွေရဲ့အသံတွေကို CJ Platform က အပတ်စဉ် “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ” ဆိုတဲ့ ကဏ္ဍကနေ ဖော်ပြပေးနေတာပါ။ ဒီတစ်ပတ်အတွက်တော့ အညာဒေသက မိုးတွင်းကာလ စစ်ရှောင်တွေရဲ့ ဒုက္ခအတိတွေ့နေတဲ့ တိုးရှိုးသံတွေကို မေးမြန်းဖော်ပြလိုက်ပါရစေ။
****************************************
“မိုးတွင်းရာသီတုတ်ကွေးတို့၊ နေမကောင်းတစ်ခုခုဖြစ်ရင်တောင် ဆရာပင့်ဖို့ အဆင်မပြေဘူး”
စစ်ကိုင်းမြို့နယ် စစ်ရှောင်တစ်ဦး
အဆိုးဆုံးကတော့ လမ်းတွေကသွားမရတာပေါ့နော်။ ဒီဘက်က ပျူရွာနဲ့ နီးတော့ ရွာထဲမနေရဲဘူး။ စစ်ကြောင်းလာတာတွေ၊ လက်နက်ကြီးပစ်တာတွေရှိတော့လေ။ တောထဲမှာပဲ နေနေကြရတာ။ ဒီဘက်လမ်းက မြစ်ကမ်းပါးလမ်းဘက်ကသွားရတာ။ မိုးရွာရင် လမ်းတွေပျက်၊ မြေတွေကအစေးတွေဆိုတော့ အရမ်းလျှောတာ။ ကားတို့၊ ဆိုင်ကယ်တို့ဆိုလည်း သွားမရဖြစ်တယ်။ ဒီတော့ မိုးကောင်းတဲ့ရက်တွေဆို ခြေလျင်သွားရတယ်။ စားသောက်ဖို့ ဝယ်ရခြမ်းရတာဆို နာရီဝက်နီးနီးသွားရတယ်လေ။ ဒီတော့ အခြောက်အခြမ်းနဲ့ ဆန်တွေဆို ကြိုဝယ်ထားရတယ်။ ကျန်တာက ကိုယ့်အနီးအနားက ဟင်းရွက်ကန်စွန်းရွက်စားလည်း ဖြစ်တယ်လေ။ ဒီလိုလမ်းတွေ မပြေတော့လေ။ မိုးတွင်းရာသီတုတ်ကွေးတို့၊ နေမကောင်းတစ်ခုခုဖြစ်ရင်တောင် ဆရာပင့်ဖို့ အဆင်မပြေဘူး။ သူတို့က မလိုက်ချင်တာရှိတယ်။ အရမ်းလမ်းတွေပျက်စီးပြီး သွားရလာရခက်တာကိုလေနော်။ နောက်ပြီး ပိုးကောင်မွှားကောင်တွေလည်း ကြောက်ရတယ်။ မိုးတွင်းဆို အဆိုးဆုံးက ကင်းကိုက်တာပဲ။ ကင်းဆို နှစ်တိုင်းလိုပဲ ကိုက်ခံရတာတွေ ဒီလိုမိုးတွင်းပိုများတာ။ နေရတာက တဲကုတ်မြေစိုက်လေးတွေဆိုတော့လေ။ ပိုးကောင်မွှားကောင်တွေ သတိထားရတယ်။ မိုးနည်းနည်းက ကိစ္စမရှိဘူး။ မိုးများရင် နေရတာ မိုးမလုံတာလည်း တစ်ဒုက္ခ။ စောစောရက်တွေရွာတဲ့မိုးဆို မိုးမလုံလို့ အပေါ်ကမလုံ ဘေးကပက်တော့ လုံတဲ့နေရာလေးပဲ မိသားစုလိုက် ကုတ်ကပ်နေကြရတာ။ တခြားထူးထူးထွေထွေ ဘာမှတော့ မပြင်ဆင်နိုင်သေးဘူး။ တတ်လည်းမတတ်နိုင်သေးဘူး။ ဒုက္ခကတော့ ရောက်သလားလို့ မမေးမိလိုက်နဲ့ နွေမိုးဆောင်းအကုန်လုံး ကြုံရတာတော့ ဒုက္ခတသီကြီးပဲ။
****************************************
“တော်တော်များများကတော့ ဆန်၊ ဆီကအစ ပြတ်သွားပြီ”
တန့်ဆည်မြို့နယ် အောင်ချမ်းသာရွာက စစ်ရှောင်အမျိုးသားတစ်ဦး
စစ်ရှောင်နေရတာ တစ်ရက်လည်း မဟုတ်။ တစ်လလည်း မဟုတ်ဘူးဖြစ်နေတာ။ (မေလ)၂၉ ရက်နေ့က မုန်တိုင်းကြောင့် အကုန်လန်ကုန်တာပေါ့။ စစ်ကြောင်းထိုးလာတော့ ကြိုတင်ပြင်ဆင်လို့ရတဲ့ရွာလည်း ရှိတယ်။ ပြင်ဆင်ချိန်မရတော့ ခါးဝတ်နဲ့ပဲ ထွက်ခဲ့ရတာပေါ့။ မိုးတွင်းကာလဖြစ်တဲ့အခါဆိုတော့ အမိုးတွေက မလုံတော့ မိုးတွေမိတာပေါ့။ အများကြီးဖြစ်တာပေါ့ဗျာ။ စစ်ကြောင်းကလည်း ထိုးတာကြာနေပြီ။ ကားတို့ဘာတို့၊ ဆိုင်ကယ်တို့နဲ့သွားတဲ့အခါ ဒီနောက်ပိုင်းဆို ဆီက ဝယ်လို့ကိုမရတော့တာပေါ့။ မိုးထဲရေထဲနေရတာဆိုတော့ အအေးမိဖျားနာတွေပေါ့ဗျာ။ အအေးပတ်၊ ချောင်းဆိုးရင်ကျပ် ဒီလောက်ကတော့ ဖြစ်နေတာပါပဲ။ အမိုးအကာတွေကျတော့ တတ်နိုင်တဲ့သူတွေကျ မိုးကာဝယ်တာပေါ့။ မတတ်နိုင်သူတွေကကျတော့ အသိမိတ်ဆွေဆီ ကပ်နေရတာ မလုံမခြုံလေးတွေပေါ့ဗျာ။ အဆင်ပြေသလို စုပြုံပြီးနေကြရတော့တာပေါ့။ စားစရာကတော့ ကာလရှည်လာတော့ ခက်ခဲလာတာပေါ့။ တော်တော်များများ စစ်ရှောင်တွေကတော့ စားစရိတ်ပြတ်ကုန်ပြီ။ အားလုံးတော့မဟုတ်ဘူး။ တော်တော်များများကတော့ ဆန်၊ ဆီကအစ ပြတ်သွားပြီ။ ပိုက်ဆံရှိတောင် ဈေးကအစ ဝယ်မရတော့တာပေါ့။ ဒုက္ခတွေက များလွန်းလို့ ဘယ်ကစပြီး ပြောရမှန်းတောင်မသိတော့ပါဘူး။ ခုလည်း ဘာတွေဖြစ်နေလည်း မသိရဘူး။ အင်တာနက်လည်းမရတော့ သတင်းတွေလည်း မသိဘူး။ ဖုန်းပဲပြောလို့ရတာဗျ။ ဘာမှကို မျက်စိပိတ် နားပိတ်လိုကိုဖြစ်နေတာ။ အမှောင်ကျနေသလိုပဲ။ ဆေးရုံလည်းမရှိဘူး။ တတ်သိနားလည်တဲ့ သူနာပြုလည်း ရှိပေမဲ့ စစ်ကြောင်းနဲ့နီးနေတာဆိုတော့ အကုန်ပြေးလွှားနေရတာ။ ဖုန်းအားဆိုလည်း နေလေးပူတုန်း ဆိုလာလေးနဲ့ အပြေးအလွှားအားသွင်းနဲ့ အတော်ကို အဆင်ပြေအောင်ရုန်းနေရတာ။ စစ်ကြောင်းထိုးလာလည်း အဝေးကြီးကနေ ကြည့်နေရတာ လာပြီဆိုပြေးပေါ့။ ကြည့်နိုင်မှ စောင့်ကြည့်နိုင်မှ မြင်တဲ့အချိန် မြန်မြန်ပြေးပေါ့။ အခက်အခဲတွေက အများကြီးပဲဗျာ။ ဒုက္ခတွေများလှပါတယ်ဗျာ။
****************************************
“တစ်ပတ်အတွင်း လေးနေရာ ပြောင်းနေရတာ၊ ပြေးနေရတာ တစ်ပတ်ကျော်ပြီ”
တန့်ဆည်မြို့နယ်၊ ညောင်လေးပင်ကျေးရွာက စစ်ရှောင်အမျိုးသမီးတစ်ဦး
အခု ကျွန်မတို့ရောက်တဲ့နေရာမှာတော့ ထမင်းထုပ်လေးတွေဝေတယ်။ နေစရာထိုင်စရာကလည်း အဆင်မပြေဘူး။ ဘုန်းကြီးကျောင်းထဲ တည်းပေါ့။ ခုကတော့ တော်တော်အဆင်မပြေဘူး။ တစ်ပတ်အတွင်း လေးနေရာ ပြောင်းနေရတာ၊ ပြေးနေရတာ တစ်ပတ်ကျော်ပြီ။ ခြေကျင်ပြေးတဲ့လူကလည်း ပြေးပေါ့။ ဆိုင်ကယ်ရှိသူက ဆိုင်ကယ်ပေါ့။ လှည်းရှိသူက လှည်းပေါ့။ ဆိုင်ကယ်ဆီ ဝယ်ရတာလည်း မရဘူး။ ရတဲ့နေရာကျတော့လည်း ဝေးတော့ စစ်ကြောင်းတွေနဲ့တိုးမှာလည်း ကြောက်ရတယ်။ စစ်ကြောင်းမရှိတဲ့ ဘက်သွားဝယ်ပေါ့။ ရွာမှာလည်း အိမ်ဘယ်နှလုံးမီးရှို့ခံရလည်းဆိုပြီး သွားကြည့်တာ။ လူနှစ်ယောက်အသတ်ခံရတယ်။ မိုးတွင်းဆိုပစ္စည်းပစ္စယတွေလည်း ဘာမှ မယူနိုင်ဘူး။ ဒီနားတော့ ရွာ ၁၄ ရွာလောက်ပြေးနေကြရတာ။ စားစရာကလည်း ပြတ်ကုန်ပြီ။ တကယ့်ကို တည်စရာမပါတဲ့သူတွေကိုတော့ ထမင်းထုပ်လေးတွေပေးကြတယ်။ အဆင်ပြေတဲ့သူတွေတော့ မိုးကာဝယ်နိုင်တာပေါ့။ ကျွန်တော်တို့ရွာကတော့ လက်လုပ်လက်စားတွေများတော့ မဝယ်နိုင်ဘူး။ အဆင်မပြေတဲ့သူကများတယ်။ တစ်ခါတလေကျတော့လည်း မိုးတွေရွှဲတာပေါ့။ ဒီလိုပဲ ပြေးရတာပါပ။ အသက်ဘေးက လွတ်ရင်ပြီးရော။ မိုးရွှဲတာ ဘာမှမဖြစ်ဘူးလို့ တွေးပြီး ပြေးကြရတာပ။ မိုးတွင်းဆိုတော့ လူကြီးတွေ အသက် လေး၊ ငါး၊ ရှစ်ဆယ်တွေကလည်း ခြေကျင်လျှောက်နေကြရတာပါပဲ။