“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (မေ ၂၆ မှ ဇွန် ၁ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jun 02, 2024

ဒီတစ်ပတ်(မေ ၂၆ မှ ဇွန် ၁ ရက်အထိ)အတွင်း ကမ္ဘာ့သတင်းမီဒီယာတွေထဲ အာရုံစိုက်ဖော်ပြခဲ့ကြတာကတော့ ထရမ့်အပေါ်စွဲထားတဲ့ အမှုတွေအားလုံးကို အပြစ်ရှိတယ်လို့တရားရုံးဆုံးဖြတ်လိုက်တဲ့သတင်း၊ အစ္စရေးရဲ့ အပစ်ရပ်ရေးကမ်းလှမ်းချက်အသစ်၊ စင်ကာပူက Shangri-La ဆွေးနွေးပွဲမှာ အပေါင်းလက္ခဏာဆောင်ခဲ့တဲ့ အမေရိကန်-တရုတ် သီးခြားတွေ့ဆုံမှုသတင်း၊ ကမ္ဘာတဝန်း ထွက်ပြေးနေရသူ သန်း ၁၁၀ ကျော်အထိရှိလာတဲ့သတင်း၊ ရုရှားနိုင်ငံထဲထိ ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့ ယူကရိန်း စတဲ့ထူးခြားသတင်းတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

****************************************

 

“ကမ္ဘာတလွှားက လူသန်း ၁၁၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ”

 

စစ်ပွဲ၊ အကြမ်းဖက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁၁၄ သန်းအထိ တိုးမြင့်လာနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးက ပြောကြားလိုက်တာပါ။

 

လူတွေဟာ မဖြစ်မနေ နေရပ်စွန့်ခွာထွက်ပြေးရတာအပါအဝင် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေက ကမ္ဘာတဝှမ်းက လူတွေကို အကြီးအကျယ်ထိခိုက်စေတယ်လို့ ကြာသပတေးနေ့ မေလ ၃၀ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

 

မြန်မာ့အရေးကိုထည့်သွင်းပြောကြားရာမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး စုစုပေါင်း ထွက်ပြေးနေရသူက ၃ သန်းကျော်အထိ ရှိကာ အဲဒီထဲက အများအပြား အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနိုင်ဖို့ ကြိုးစားနေတယ်လို့ မစ္စတာ ဂရန်ဒီ(Grandi)က ပြောပါတယ်။

ဂါဇာ၊ ယူကရိန်း၊ မြန်မာ၊ ဆူဒန်၊ ကွန်ဂိုနဲ့ အခြားနေရာအများအပြားမှာ ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုလည်း သူက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းထားတာဖြစ်ပေမဲ့ ကောင်စီရဲ့အသံ နှုတ်ဆိတ်နေတယ်လို့ ပြစ်တင်ထားပါတယ်။

****************************************

 

“ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာပြီလား ထရမ့်”

 

အမေရိကန်ပြည်ထောင်စု နယူးယောက် တရားရုံးချုပ်ကနေ သမ္မတဟောင်း ထရမ့်အပေါ်စွဲဆိုထားတဲ့ ၃၄ မှုလုံးမှာ အပြစ်ရှိတယ်လို့ မေလ ၃၀ ရက် ကြာသာပတေးနေ့က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

 

ဒါဟာ ရီပတ်ဘလစ်ကန်ပါတီကနေ သမ္မတလောင်းအဖြစ် ဒီနှစ်နိုဝင်ဘာရွေးကောက်ပွဲအတွက် ပြန်ရွေးခံထားရသူ ထရမ့်အတွက် ‘ကိုယ်ပြုတဲ့ကံတွေ ပဲ့တင်သံ ကိုယ့်ထံပြန်လာပြီလား’ လို့ တွေးဆစရာပါ။

 

ဒါပေမဲ့ ထရမ့်ကတော့ နောင်တရပုံ မပေါ်သေးချေ။ တရားရုံးဆုံးဖြတ်ချက်ကို ထရမ့်က ပယ်ချလိုက်ပါတယ်။

 

သမ္မတဟောင်းလည်းဖြစ်၊ သမ္မတလောင်းလည်းဖြစ်တဲ့ သူဟာ အပြာမယ်ကို နှုတ်ပိတ်ခပေးတဲ့အမှု၊ ၂၀၁၆ ရွေးကောက်ပွဲရလဒ်ကို ထိန်းချုပ်ဖို့ကြိုးစားမှုတွေပါဝင်တဲ့ အမှု ၃၄ ခုလုံးအတွက် အပြစ်ရှိတယ်လို့ ဂျူရီလူကြီးတွေအားလုံးက ဆုံးဖြတ်ခဲ့တာပါ။

 

ဒေါ်နယ် ထရမ့်ကတော့ သူ့အပေါ် “နိုင်ငံရေးအရ တမင်အကွက်ဆင်ပြီး တရားစီရင်တာ။ သိပ်ကို အကျည်းတန်တဲ့လုပ်ရပ်” လို့ တုံ့ပြန်ပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး လာမယ့်နိုဝင်ဘာ ၅ ရက်ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးသွားလိမ့်မယ်လို့ သူက ကြုံးဝါးပြောဆိုပါတယ်။ အမေရိကန်သမိုင်းမှာတော့ သမ္မတဟောင်း တစ်ယောက်ကို ရာဇဝတ်မှုနဲ့ အပြစ်ရှိတဲ့အကြောင်း ပထမဆုံးအမိန့်ချမှတ်တာဖြစ်ပါတယ်။ သမ္မတဟောင်း Trump အတွက် ပြစ်ဒဏ်တွေကို ဇူလိုင်လ ၁၁ ရက်နေ့မှာ အမိန့်ချမှာဖြစ်ပါတယ်။

 

ဒီအမှုတွေအတွက် အနိမ့်ဆုံး ခံဝန်နဲ့ လွှတ်ပေးတာကနေ အမြင့်ဆုံးပြစ်ဒဏ် ၄ နှစ်အထိ ချမှတ်နိုင်ပါတယ်။

 

အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ သမ္မတလောင်းဖြစ်ခွင့်အတွက် လိုအပ်ချက်သုံးချက်ကိုသာ အတိအလင်း ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။ အဲဒီအချက်တွေက (၁) အမေရိကန်မှာပဲ မွေးဖွားတဲ့သူ၊ (၂) အနည်းဆုံး အသက် (၃၅) နှစ်ပြည့်ပြီးသူ၊ (၃) အမေရိကန်မှာ အနည်းဆုံး(၁၄)နှစ်နေထိုင်သူဖြစ်ရမယ်ဆိုတဲ့ အချက်တွေပါ။ ဒါကြောင့် ထရမ့်ရဲ့ ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ဟာ ထောင်ဒဏ်ချမှတ်ခံရမှသာ ထိခိုက်မယ့်အနေအထားဖြစ်ပါတယ်။

****************************************

 

“အပေါင်းလက္ခဏာဆောင်တဲ့ အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးနှစ်ယောက် တွေ့ဆုံမှု”

 

စင်ကာပူနိုင်ငံမှာ ဒီတစ်ပတ်ထဲ ကျင်းပနေတဲ့ Shangri-La လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကို အမေရိကန်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတွေလည်း ပါဝင်တက်ရောက်လာခဲ့ပါတယ်။

 

အဲဒီမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်(Lloyd Austin)နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင် ဂျန်း(Dong Jun)တို့ သောကြာနေ့ မေ ၃၁ ရက်က Shangri-La ဆွေးနွေးပွဲ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီမှာ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ပြန်စဖို့ ထုတ်ဖော်ပြောဆိုလာခဲ့ကြပါတယ်။

 

လာမယ့်လပိုင်းအတွင်း ကန်-တရုတ် စစ်တပ်အချင်းချင်း ဆက်ဆံရေး ပြန်စမယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်က ပြောခဲ့ပါတယ်။ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာဆက်ဆံရေး ပြန်လည်တည်ငြိမ်လာတဲ့အပေါ် တရုတ်အစိုးရကလည်း အမွှမ်းတင်ပြောပါတယ်။

ပင်တဂွန်ထုတ်ပြန်ချက်ထဲမှာတော့ နှစ်နိုင်ငံ တပ်မှူးကြီးတွေကြား တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးတာတွေကို  လာမည့်လပိုင်းအတွင်း ပြန်လုပ်မယ်လို့ ကန်ဝန်ကြီးက ပြောပါတယ်။

 

သူတို့ဦးကြား နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးအပြင် ထိုင်ဝမ်အရေးနဲ့ တောင်တရုတ်ပင်လယ်ကိစ္စ၊ ယူကရိန်းစစ်ပွဲ၊ ဟားမက်စ်-အစ္စရေးပဋိပက္ခတွေနဲ့ပတ်သက်တဲ့အမြင်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်ဘက်က ထုတ်ပြောပါတယ်။ အခုလိုတွေ့ဆုံဆွေးနွေးမှုဟာ လက်တွေ့ကျ၊ အပြုသဘောဆောင်ပြီး မဟာဗျူဟာအရ ထိရောက်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

 

နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေချိန်မှာပဲ အမေရိကန်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး နှစ်ဦးဟာ ၁၇ လခန့်အကြာမှာ ပထမဆုံးပြန်တွေ့ခဲ့ကြတာပါ။ ကမ္ဘာတဝန်းက ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်နေတဲ့ Shangri –La လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးမှာ ဝန်ကြီး နှစ်ဦးက တစ်နာရီကျော်ကြာ သီးခြားတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

****************************************

 

“ရုရှားနိုင်ငံထဲထိ ဒုံးတွေနဲ့ ပြန်တိုက်နိုင်ခဲ့တဲ့ ယူကရိန်း”

 

အလွယ်တကူနိုင်မယ်ထင်ပြီး လက်နက်အားကိုးနဲ့ မိုက်တဲ့ ရုရှားတို့တော့ ကိုယ့်ရှူးကိုယ်ပတ်နေပါပြီ။

 

ယူကရိန်းနိုင်ငံထဲ ကျူးကျော်စစ် စတင်ခဲ့တဲ့ ရုရှားကို ယူကရိန်းထဲမှာတင် ခုခံတိုက်ခိုက်တာမဟုတ်တော့ဘဲ ရုရှားမြေထဲထိ ယူကရိန်းတို့ ပြန်လည်တိုက်ခိုက်လိုက်နိုင်ပါပြီ။

 

ယူကရိန်းစစ်သားတွေဟာ ဗုဒ္ဓဟူးနေ့ မေလ ၂၉ ရက်က ၂၄ နာရီအတွင်း ဗြိတိန်နိုင်ငံရဲ့ ခွင့်ပြုချက်နဲ့ ရုရှားပိုင်နက်ထဲကို Storm Shadow ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ နှစ်နိုင်ငံစလုံးက ပြောကြပါတယ်။

ရုရှားကာကွယ်ရေးဌာနဘက်က ယူကရိန်းရဲ့ဘက်ပေါင်းစုံကတိုက်ခိုက်မှုတွေကို တွန်းလှန်ခဲ့တဲ့နေရာမှာ သေဆုံးဒဏ်ရာရခဲ့တဲ့ ယူကရိန်းတပ်ဖွဲ့ဝင် ၁,၃၀ဝ ကျော်ရှိပြီး တင့်ကား သုံးစီး၊ သံချပ်ကာယာဉ် လေးစီးနဲ့ ကား ၃၁ စီးနဲ့ အခြားပစ္စည်းကိရိယာတွေ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းရဲ့ MiG-29  ဂျက်တိုက်လေယာဉ်နဲ့ ဒရုန်း ၂၁ စင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့ပြီး အမေရိကန်လုပ် HARM ဓာတ်ရောင်ခြည် ကာကွယ်ရေးဒုံး နှစ်စင်း၊ ပြင်သစ်လုပ် Hammer ပဲ့ထိန်းဗုံးတွေနဲ့ ပဲ့ထိန်းတပ် ရော့ကက်ဒုံးအမျိုးမျိုးကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဌာနက ပြောပါတယ်။

 

တစ်ချိန်တည်းမှာပဲ ယူကရိန်းလေတပ်ကလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ပွဲပေါင်း ၁၃၉ ကြိမ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ရုရှားစစ်ဘက်ဆိုင်ရာ စခန်းနှစ်ခုနဲ့ လောင်စာဆီသိုလှောင်ရုံနှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့လည်း ယူကရိန်းတို့က ပြောပါတယ်။

 

အဲဒီလို နှစ်ဘက်တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန်မှာပဲ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် (NATO) အဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတောလ်တွန်းဘာ့ဂ်(Jens Stoltenberg)က ရုရှားရဲ့ရန်ကို ခုခံကာကွယ်နေတဲ့ယူကရိန်းကို မဟာမိတ်နိုင်ငံတွေ အကူအညီပေးပိုင်ခွင့်ကိုထောက်ခံကြောင်း သောကြာနေ့က NATO နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပြောလိုက်ပါတယ်။

****************************************

 

“ကမ်းလှမ်းချက်အသစ်ထုတ်လိုက်ပြန်တဲ့ အစ္စရေး”

 

ဂါဇာဒေသထဲက အစ္စရေး-ဟားမက်စ်စစ်ပွဲရပ်ရေး အပြန်အလှန်ကမ်းလှမ်းမှုတွေကို တစ်ဖက်နဲ့ တစ်ဖက် ပယ်ချနေရင်း ဒီတစ်ပတ်ထဲ အစ္စရေးဘက်က ဟားမက်စ်ဆီ ကမ်းလှမ်းချက်အသစ် ထုတ်ပြန်လိုက်ပြန်ပါပြီ။

 

အမေရိကန်၊ အီဂျစ်၊ ကာတာတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ထုတ်ပြန်ခဲ့တဲ့ ဟားမက်စ်ရဲ့ကမ်းလှမ်းမှုကို ပြီးခဲ့တဲ့လထဲ အစ္စရေးဘက်က ပယ်ချခဲ့လို့ ဝေဖန်မှုတွေအကြီးအကျယ်မြင့်တက်နေချိန်မှာပဲ အစ္စရေးရဲ့ ကမ်းလှမ်းချက်အသစ်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

 

အခုအစ္စရေးဘက်က ကမ်းလှမ်းချက်ထဲ ဂါဇာကမ်းမြောင်မှာ အစ္စရေးက အပစ်ရပ်ပြီး အပြန်အလှန်အဖြစ် ဟားမက်စ်က ဓားစာခံတွေပြန်လွှတ်ပေးရေးပါဝင်နေပါတယ်။ ဒီတောင်းဆိုမှုနဲ့ပတ်သက်ပြီး ဟားမက်စ်အဖွဲ့က သဘောတူဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့ မေ ၃၁ ရက်မှာတောင်းဆိုလိုက်ပါတယ်။

 

ဒါဟာ အသေအပျောက်မြင့်မားနေတဲ့ ပဋိပက္ခကို အရှိန်လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

 

“အပစ်အခတ်ရပ်စဲနိုင်မှသာ အကူအညီတွေကို လိုအပ်သူတွေအားလုံးဆီ ဘေးကင်းကင်းနဲ့ ထိထိရောက်ရောက် ဖြန့်ဝေပေးနိုင်မှာပါ” လို့ ဘိုင်ဒန်က ပြောသွားပါသေးတယ်။

 

“ဒီအခိုက်အတန့်ကို ဆုံးရှုံး လက်လွှတ်ခံလို့မရပါဘူး” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

အခု နှစ်အစောပိုင်းတုန်းက တင်ပြခဲ့တဲ့အဆိုပြုချက်ထဲမှာတော့ ဂါဇာမှာ ဖမ်းခံနေရတဲ့ ဓားစာခံတွေထဲက ဖျားနာနေသူတွေ၊ သက်ကြီးရွယ်အိုတွေကို လွှတ်ပေးရင် ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲပေးမှာဖြစ်ပြီး ဒါကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်နိုင်စေရေး သက်တမ်းတိုးဖို့ ပါဝင်ပါတယ်။

 

ဒါပေမယ့် ဒီလ အစောပိုင်းမှာတော့ အဲဒီအတွက် စေ့စပ်ညှိနှိုင်းမှုတွေ ပျက်သွားခဲ့ပါတယ်။ စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ရေးမှာ အစ္စရေးဘက်က သဘောတူဖို့ငြင်းဆန်ခဲ့ပြီး ဂါဇာက နောက်ဆုံးလက်ကျန်မြို့ဖြစ်တဲ့ တောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာမြို့ကို ထိုးစစ် အရှိန်မြှင့်နေပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၇ ရက် အစ္စရေးတောင်ပိုင်းကို ဟားမက်စ်တိုက်ခိုက်မှုအပြီး အစ္စရေးရဲ့ လက်တုံ့ပြန်တဲ့ စစ်ဆင်ရေးတွေအတွင်းမှာ ဂါဇာမှာလူပေါင်း ၃၆,၂၈၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ ခန့်မှန်းထားပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့ ကနဦးတိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က လူပေါင်း ၁,၂၀ဝ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။

****************************************

 

“မုန်တိုင်း၊ အပူလှိုင်းနဲ့ ရာသီဥတုဒဏ်ခံနေရတဲ့ အိန္ဒိယမှာ လူ ၆၀ ကျော်သေ”

 

ကမ္ဘာကြီးဟာ သဘာဝဘေးအန္တရာယ်ကို အလွန်အကဲခံနေတဲ့အထဲ ကမ္ဘာ့လူဦးရေးအထူထပ်ဆုံး အိန္ဒိယနိုင်ငံလည်း အပါအဝင်ပါပဲ။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်မှာ ဒီတစ်ပတ်ထဲ Remal မုန်တိုင်းတိုက်ခိုက်လို့ မီဇိုရမ်ပြည်နယ်ထဲ ဒေသခံ ၃၀ ကျော်သေဆုံးခဲ့ရပါတယ်။

 

ဒါ့အပြင် နိုင်ငံရဲ့ အရှေ့ခြမ်းက ဘီဟာ(Bihar)နဲ့ အိုဒီးရှား(Odisha)ပြည်နယ်၊ မြောက်ပိုင်းက အူတာ ပရာဒက်ရှ် (Uttar Pradesh)ပြည်နယ်တွေမှာ သောကြာနေ့ မေ ၃၁ ရက်က အပူဒဏ်ပြင်းလွန်းလို့ အပူလေသင်တုန်း(Heat Stroke) ရောဂါသံသယနဲ့ လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြန်ပါတယ်။

 

ဘီဟာမှာ ကြာသပတေးနေ့ မေလ ၃၀ ရက်က လူ ၁၄ ဦး သေဆုံးခဲ့တဲ့အထဲ လက်ရှိ အိန္ဒိယမှာကျင်းပနေတဲ့ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်နေသူ ၁၀ ဦး ပါဝင်ပါတယ်။ ရွေးကောက်ပွဲ အရာရှိတွေဟာ အများအားဖြင့် တစ်နေကုန် တာဝန်ထမ်းဆောင်ရပြီး အဆောက်အအုံအပြင်ဘက်ထွက် အလုပ် လုပ်ရတဲ့အချိန်လည်းများတာကြောင့်ဖြစ်နိုင်ပါတယ်။

 

ဘီဟာပြည်နယ်ရဲ့ အိမ်နီးချင်း ဂျဟာခန်းပြည်နယ်မှာလည်း အပူရှိန်ကြောင့်လို့ သံသယဖြစ်ဖွယ် လူသုံးဦး သေဆုံးခဲ့ပါသေးတယ်။ အိန္ဒိယအရှေ့ပိုင်း ဒေသတွင်းမှာ စနေနေ့ ဇွန် ၁ ရက်အထိ အပူလှိုင်းဆက်ဖြတ်နေမယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။