“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (မေ ၂၆ မှ ဇွန် ၁ ရက်အထိ)

Published on Jun 02, 2024

ဒီအပတ်(မေ ၂၆ မှ ဇွန် ၁ ရက်အထိ)အတွင်း နိုင်ငံအနှံ့အပြား စစ်ရေးအခြေအနေတွေကလည်း သူဒေသနဲ့သူ အားကောင်းနေသလို စစ်အင်အားလျော့နည်းလာတဲ့ စစ်ကောင်စီဟာ တပ်သားသစ်ရရှိဖို့အရေး နည်းမျိုးစုံအကြောင်းရှာပြီး လူငယ်တွေကို ဖမ်းဆီးစုဆောင်းမှုတွေ၊ အုပ်ချုပ်ရေးမှုတွေက ငွေကြေးတောင်းခံမှုတွေ အတင်းအကျပ်လုပ်နေတာလည်းရှိပါတယ်။ ထူးခြားမှုအနေနဲ့ CJ Platform ရဲ့ တစ်ပတ်စာ သတင်းကောက်နုတ်ချက်ကတော့ “သူရ(၉၈)၊ ကြွေလွင့် ကြယ်တစ်ပွင့်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယကကြီး သူရဦးတင်ဦး အသက်(၉၈)နှစ်မှာ ကွယ်လွန်သွားတဲ့အကြောင်းအပါအဝင် “မုန်တိုင်းမိုးရေတွေတိုး၊ ဘေးလွတ်ရာကို ဒိုး” REMAL မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသတချို့မှာ ရေကြီးမြေပြိုမှုအန္တရာယ်ကြုံတွေရတဲ့အကြောင်း၊ “ဘုရား‘တ’ရတဲ့ ရွှေနဲ့ ငွေဈေး” ရွှေဈေးငွေဈေးတွေ အဆမတန် စံချိန်တင်မြင့်တက်ခဲ့တဲ့အခြေအနေနဲ့ TNLA ထိန်းချုပ်နိုင်ခဲ့တဲ့ တအောင်းဒေသအတွင်း အစိုးရအဆက်ဆက် ခွင့်ပြုထားတဲ့ သတ္တုလုပ်ငန်းတွေအပါအဝင် လုပ်ငန်းလိုင်စင်၊ ခွင့်ပြုမိန့်၊ အမိန့်စာအားလုံးကို ပယ်ဖျက်လိုက်တယ်ဆိုတဲ့အခြေအနေ​တေစေ့တစ်စောင်းကို ကောက်နုတ်ဖော်ပြ ထားပါတယ်။

****************************************

 

“သူရ(၉၈)၊ ကြွေလွင့် ကြယ်တစ်ပွင့်”

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး သူရဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီးမှာ ဇွန်လ ၁ ရက် မနက် ၈ နာရီ ၄၅ မိနစ်က ကွယ်လွန်သွားခဲ့ပါတယ်။

 

ကွယ်လွန်ချိန်မှာ အသက်(၉၈)နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့နာရေးကို ငါးရက်ထားပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ သင်္ဂြိုလ်မယ်လို့လည်း သိရပါတယ်။

 

ဦးတင်ဦးကို ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၇၄ မတ်လ ၈ ရက်ကနေ ၁၉၇၆ မတ်လ ၆ ရက်အထိ တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရာထူးနဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သလို သူရဲကောင်းမှတ်တမ်းဝင် ဇေယျကျော်ထင်နဲ့ သူရဘွဲ့ ရရှိထားသူလည်းဖြစ်ပါတယ်။

 

ဒါ့အပြင် ၁၉၈၈ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တည်ထောင်ချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထိပ်ပိုင်းခေါင်းဆောင်တွေထဲ ပါဝင်သူဖြစ်ပါတယ်။ ပါတီရဲ့ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၈ ခု၊ ဒီဇင်ဘာလ ၃ ရက်ကနေ ၁၉၈၉ ခု၊ ဒီဇင်ဘာလ ၂၂ ရက်ထိ ထမ်းဆောင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရင်း ဩဇာကြီးမားတဲ့ နိုင်ငံရေးသမားတစ်ဦးအဖြစ် ထင်ရှားသူလည်းဖြစ်ပါတယ်။

 

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က နေမကောင်းဖြစ်နေတဲ့ သူရဦးတင်ဦးကို နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါသေးတယ်။

 

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက ဒုဗိုလ်အဖြစ် ဗမာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်ရဲ့ အမြင့်ဆုံးရာထူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးအထိ ထမ်းရွက်ခဲ့သူ သူရဦးတင်ဦးရဲ့ တပ်မတော်နဲ့ပတ်သက်တဲ့ သမိုင်းဝင်မှတ်ချက်စကားမှာ “တပ်မတော်ကို ငါချစ်တယ်။ ဒါပေမဲ့ တပ်မတော်ထက် ပြည်သူကို ပိုချစ်တယ်” ဆိုတာပဲဖြစ်ပါတယ်။

****************************************

 

“မုန်တိုင်းမိုး ရေတွေတိုး ဘေးလွတ်ရာကို ဒိုး”

 

REMAL မုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေကိုဝင်ပြီး အား​​လျော့သွားပေမဲ့ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တိုက်ခတ်ခဲ့လို့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မေလ ၂၆ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဒေသတချို့မှာ ရေကြီးမြေပြိုမှုဆိုတဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ခဲ့ရပါတယ်။

 

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ မေလ ၂၆ ရက်ကနေ မေလ ၂၈ ရက်အတွင်း ၁၃ ပေလောက်အထိ မြင့်တက်ခဲ့ပြီး ချင်းတွင်းမြစ်ရေဟာ နှစ်ရက်အတွင်း ပေ ၃၀ လောက်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

 

ကချင်ပြည်နယ်၊ ချီဖွေမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းမှုကြောင့် နေအိမ်တချို့ ပျက်စီးမှုရှိခဲ့ပါတယ်။ ဒေသခံတချို့လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေထိုင်ခဲ့ကြရပါတယ်။ စစ်ကိုင်းတိုင်း၊ ခန္တီး၊ ဟုမ္မလင်းမြို့နယ်တို့မှာ ချင်းတွင်းမြစ်ရေမြင့်တက်ပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နစ်မြုပ်ခဲ့ပါတယ်။

 

ချီဖွေမြို့နယ် မျောမောပါတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်း ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ဆယ်လုံးကျော်ရေထဲမျောပါသွားပြီး ကလေးငယ်တစ်ဦး မျောပါသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှာ မေလ ၂၅ ရက်ကနေ ၂၈ ရက်အထိ လေးရက်ဆက်တိုက်မိုးသည်းထန်စွာရွာသွန်းခဲ့လို့ မြို့အဝင်မှာရှိတဲ့ ချလွေချောင်းရေကြီးပြီး တောင်ပြိုတာတွေကြောင့် လူနေအိမ် ၆ လုံးထက်မနည်း မျောပါသွားခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တ်လိုင်ခရိုင်၊ ကာကီကျေးရွာမှာ ကုလားတန်မြစ်ရေကြီးပြီး မြစ်ကမ်းနံဘေးက မြန်မာစစ်ဘေးရှောင်နေအိမ်တချို့ရေထဲ မျောပါတာအပြင် ရေနစ်မြုပ်ပျက်စီးတာတွေရှိခဲ့တယ်လို့ အဲဒီက စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

****************************************

 

“ဘုရား’တ’ရတဲ့ ရွှေနဲ့ငွေ”

 

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး သုံးနှစ်ကျော်အကြာမှာ ပြည်တွင်းရွှေဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ခေါင်းဆောင်တွေရဲ့တန်ခိုးနဲ့ မကြုံစဖူး မြင့်တက်သွားပါတယ်။ ရွှေဈေး၊ ဒေါ်လာဈေးတွေဟာ သမိုင်းဝင်ဈေးတန်းနဲ့ အခု ၂၀၂၄ ခုနှစ်ထဲမှာပဲ စံချိန်အကြိမ်ကြိမ် ချိုးနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၉ ရက်၊ နေ့လယ်ပိုင်းမှာ ၅၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

 

ဒါအပြင် အမေရိကန်ဒေါ်လာဈေးဟာလည်း သမိုင်းတလျှောက် အမြင့်ဆုံး ဈေးတန်းတစ်ခုဖြစ်တဲ့ တစ်ဒေါ်လာ ရောင်းဈေး ၄၇၈၀ ထိကို ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ် စတဲ့ ငွေလဲဈေးတွေဟာလည်း ပိုမိုမြင့်တက်လာတာကို တွေ့ရပါတယ်။

 

ရွှေဈေးကွက်အတွင်း ဈေးနှုန်း မငြိမ်သက်မှုတွေကြောင့် ရွှေဆိုင်အများစုဟာ အဝယ်ကိုသာလက်ခံပြီး ရွှေအရောင်းပိတ်ထားခဲ့ကြတဲ့အခြေအနေတွေလည်းရှိခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး တဟုန်ထိုး ကျဆင်းနေတဲ့အတွက် ဆန်၊ ဆီမှအစ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

 

ရွှေဈေးတွေအတက်ကြမ်းတာနဲ့ပတ်သက်လို့ မေ ၃၁ ရက်နေ့ကစပြီး စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင် အယောက် ၃၀ ဝန်းကျင်နဲ့ မန္တလေးမြို့က ရွှေလုပ်ငန်းရှင် အယောက် ၂၀ ဝန်းကျင်ပါဝင်တယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ ရွှေနဲ့ ဒေါ်လာဈေးတွေဟာ သောကြာနေ့ မေလ ၃၁ ရက်ကစပြီး ပြန်လည်ကျဆင်းလာခဲ့ပါတယ်။

 

အခုလို ရွှေဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာတာဟာ ကမ္ဘာ့ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေး ပြန်လည် ကျဆင်းလာတာကြောင့်လည်းဖြစ်သလို ရွှေလုပ်ငန်းရှင်တွေ အစစ်ဆေးခံနေရတာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။

****************************************

 

“T ခွင်ရဲ့ ရိုက်ချက်”

 

စစ်ကောင်စီလက်ထဲကနေ ပြန်လည်တိုက်ယူခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအနက် ရှမ်းပြည် (မြောက်ပိုင်း) ၁၀၂၇ ကာလထဲ TNLA ထိန်းချုပ်နိုင်ခဲ့တဲ့ တအောင်းဒေသအတွင်း အစိုးရအဆက်ဆက် ခွင့်ပြုထားတဲ့ သတ္တုလုပ်ငန်းတွေအပါအဝင် လုပ်ငန်းလိုင်စင်၊ ခွင့်ပြုမိန့်၊ အမိန့်စာအားလုံးကို အသိအမှတ်မပြုဘဲ ပယ်ဖျက်လိုက်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က မနေ့ မေလ ၃၁ ရက် ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

 

နမ္မတူ သတ္တုတူးဖော်ရေးလုပ်ငန်းအပါအဝင် အဲဒီက လုပ်ငန်းတွေအားလုံးအနေနဲ့ PSLF/TNLA ဆီ နိုဝင်ဘာလ ၃၀ ရက်နောက်ဆုံးထားပြီး ပြန်လည်လျှောက်ထားရမယ်လို့ ဆိုထားပြီး PSLF/TNLA ခွင့်ပြုချက်မရရှိသေးခင်အချိန်အထိ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းထားရမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

 

PSLF/TNLA ရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုချက်ကို သတ်မှတ်ကာလအတွင်းရယူမှုမရှိဘဲ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းအားလုံး တအောင်းပြည်သူပိုင်အဖြစ် သိမ်းဆည်းမယ်လို့ ကြေညာချက်ထဲပါရှိပါတယ်။

 

ဒါ့အပြင် တအောင်းဒေသအတွင်း မြေရှားသတ္ထု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းတွေ အများအပြားရှိနေပြီး အဲဒီလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားရမှာဖြစ်သလို ဆက်လက်လုပ်ကိုင်လိုရင် PSLF/TNLA ခွင့်ပြုချက်ကို ရယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

တအောင်းဒေသရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် တခြားရေရှည်အကျိုးစီးပွားအတွက် အစီအမံတွေဆောင်ရွက်နေတဲ့ကာလဖြစ်တာကြောင့် အခုလိုလုပ်ငန်းတွေရပ်ဆိုင်းထားရတာဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။