စစ်တပ်ကို ယုံကြည်ထောက်ခံလာဖို့ ဝါဒဖြန့်ချိရေးကော်မတီ ပြင်ဆင်ဖွဲ့စည်း
စစ်တပ်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကို ထောက်ခံအားပေးဖို့နဲ့ စစ်တပ်အပေါ် ယုံကြည်အားကိုးလာစေဖို့အတွက် ဝါဒဖြန့်ချိရေးတွေလုပ်ဆောင်နိုင်ဖို့ စစ်အုပ်စုက ကော်မတီတစ်ခု ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်လာပါတယ်။
စစ်အုပ်စုလက်အောက်ခံ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စစ်အုပ်စုဝါဒဖြန့်ချိရေးအတွက် “ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ” ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာ ဖွဲ့စည်းခဲ့တာပါ။
အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ကော်မတီဟာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီနဲ့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှစ်ခုကို ပူးပေါင်းပြီး ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တာပါ။
စစ်အုပ်စု ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ ပြန်ကြားရေးဝန်ကြီးဌာနက ဝန်ကြီးတစ်ဦး၊ ဒုတိယဝန်ကြီးတစ်ဦးအပါအဝင် ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန ၁၂ ခုက အမြဲတမ်းအတွင်းဝန် ၁၂ ဦးတို့နဲ့ ပူးပေါင်းပါဝင် ဖွဲ့စည်းထားပါတယ်။
ကော်မတီအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်တွေကို သတင်းထုတ်ပြန်ဖော်ပြမှုတွေ လုပ်ဆောင်ရမယ့်အပြင် စစ်တပ်ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ စစ်တပ်အပေါ် ယုံကြည်အားကိုးစိတ်တွေ ပိုမိုဖြစ်ပေါ်လာအောင် လှုံ့ဆော်ဝါဒဖြန့်မှုတွေကိုပါ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်းတွေဟာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပြည်ပရောက် မီဒီယာတွေရဲ့ လုပ်ဆောင်မှုကြောင့်သာဖြစ်ကြောင်းကို ဝါဒဖြန့်ဖို့နဲ့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေ ကော်မတီအနေနဲ့ ဝါဒဖြန့်လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ကလည်း ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် ပြောဆိုစည်းရုံးချိန် စစ်တပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို အလေးပေးပြောဆိုမှုတွေရှိခဲ့သလို စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ပါတီတွေကို မဲပေးဖို့အတွက် ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံထူထောင်ရေးလုပ်ဆောင်ရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူအားလုံး အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာဖြစ်ကြောင်းနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေကို ကုစားဖို့အတွက် စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး စစ်တပ်အပေါ် ယုံကြည်အားကိုးဖို့အတွက် ဝါဒဖြန့်ချိရေးတွေလည်း လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
ဒါဟာ စစ်အုပ်စုဝါဒဖြန့်ချိရေးနဲ့ ပြည်ပသတင်းဌာနတွေကို တုံ့ပြန်နိုင်ဖို့အတွက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်က မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေ စစ်အုပ်စုအတွက် ဝါဒဖြန့်ချိရေးကော်မတီတစ်ခု ထပ်မံဖွဲ့စည်းလာတာ ဖြစ်ပါတယ်။
အခု ဒီဇင်ဘာလအတွင်းကလည်း စစ်အုပ်စု ဝါဒဖြန့် လူမှုကွန်ရက်အကောင့်တွေနဲ့ ရုပ်သံလိုင်းတွေအပါအဝင် တိုက်ရိုက်ထုတ်လွှင့်ရာမှာ အသုံးပြုတဲ့ နည်းပညာပလက်ဖောင်းတွေကို သက်ဆိုင်ရာနိုင်ငံတကာကုမ္ပဏီတွေက သူတို့ပလက်ဖောင်းကနေဖယ်ရှားမှု ကြုံခဲ့ရပါသေးတယ်။
ဓာတ်ပုံ – Pro-SAC
