စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်မှာ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရေး သပိတ်ကို ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ် ၅/ လက်ပံတောင်းသပိတ်စစ်ကြောင်းနဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီတို့က ပြုလုပ်ခဲ့ပါတယ်။
“ဒီစစ်အုပ်စုက ပြုလုပ်မယ့်ရွေးကောက်ပွဲက ပြည်သူလူထုဆန္ဒမပါသော ရွေးကောက်ပွဲဖြစ်တယ်။ ဒီမိုကရေစီနည်းကျ ပြုလုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ စစ်အုပ်စုရဲ့ ထွက်ပေါက်ဖြစ်ပြီး ပြည်သူတွေအတွက် ထောင်ချောက်ဖြစ်တာကြောင့် ဒီအတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မဲမပေးကြဖို့ တိုက်တွန်းချင်ပါတယ်ဗျ” လို့လည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက CJ Platform ကတစ်ဆင့် တိုက်တွန်း ပြောကြားခဲ့ပါတယ်။
အလားတူပင် ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်အုပ်စုရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ – ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ







