စလင်းက စစ်ရှောင်သူတွေမှာ အရေပြားရောဂါ ဆိုးဆိုးရွားရွား ခံစားနေရပြီး အရေးပေါ် ဆေးဝါးအကူညီလိုအပ်
စစ်အုပ်စုက စစ်ကြောင်းထိုးနေတဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်က စစ်ဘေးရှောင်တွေမှာ ရေရှားပါးမှုကြောင့် အရေပြားရောဂါ ဆိုးဆိုးရွားရွား ခံစားနေရပြီး ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

စလင်းမြို့နယ်မှာ တစ်နှစ်အောက် ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ အရေပြားရောဂါ ခံစားနေရတာ ၂ နှစ်ကျော် ရှိပြီဖြစ်ပြီး အခုအခါမှာ စစ်အုပ်စု စစ်ကြောင်းထိုးတာနဲ့ ဆေးဝါးမလုံလောက်မှုတွေကြောင့် ပိုဆိုးရွားလာတာ ဖြစ်တယ်လို့ သိရပါတယ်။

“ကုသဖို့ ဆေးဝါး အခက်အခဲ ရှိနေပါတယ်။ စစ်ဘေးသင့် ဒေသတွေဆိုတော့ အစစအရာရာ ခက်ခဲကြပါတယ်။ တောင်ပေါ်က ၂ ရွာက စစ်အုပ်စု မီးရှို့တာ ခံခဲ့ရတာအပြင် ပေါင် ၅၀၀ ဗုံးသီးလည်း ကြဲချခံထားရပါတယ်။ ဒီဘက်က တစ်ရွာမှာ တစ်နှစ်အောက်၊ တစ်နှစ်အထက် ကလေးတွေနဲ့ အမျိုးသားတွေမှာ ဖြစ်ပွားနေတာ တွေ့ခဲ့ရပါတယ်။ တောင်ပေါ် ၂ ရွာမှာတော့ လူငယ်ပိုင်းတွေ လာပြတာ တွေ့ခဲ့ရပါတယ်။ တောင်ယာတွေထဲ နေကြတာများလို့ ဖြစ်ပွားသူတိုင်း လာမပြနိုင်ကြပါ” လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

အရေပြားရောဂါ ခံစားနေရတဲ့ စစ်ရှောင်အရေအတွက်ကိုလည်း အချက်အလက်စနစ်တကျ ကောက်ယူဖို့ စီစဉ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စလင်းမြို့နယ်ကို စစ်အုပ်စုက အခုလ ဇန်နဝါရီလအတွင်းမှာ ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ ဗုံးကြဲတာနဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် ဒေသခံ ၈,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

စလင်းမြို့နယ်တွင်းမှာရှိတဲ့ ရှားတော၊ ကျောက်ရဲတုန်း၊ အောက်လှိုင်း၊ ပန်းတိမ်ကုန်း၊ ကညှပ်၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ဥယျာဉ်စု၊ ပန်းတောနဲ့ ကျောက်ခဲကုန်းကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၁၈ ရွာက ဒေသခံတွေအနေနဲ့ စစ်ဘေးရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာတွေအပြင် ဆေးဝါးတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးရေးအဖွဲ့တွေက ဆိုပါတယ်။
ဓာတ်ပုံ – ပေးပို့
