Google Map မှာ အွန်လိုင်းလောင်းကစားရုံးလို့ တည်နေရာဖော်ပြထားတဲ့နေရာကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်း

Author CJ Platform
Categories
Published on Nov 26, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် မှာ လစဉ် ဘတ် ၁၀ သန်းကျော်နဲ့ လည်ပတ်နေတဲ့ လောင်းကစားရုံနေရာတစ်ခုကို ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ဆက်စပ်သူ ၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာန The Thaiger က ဖော်ပြထားပါတယ်။

“ထိုင်းနိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းလောင်းကစားရုံး” လို့ Google Map မှာ တည်နေရာကို ဖော်ပြထားတဲ့ အဆောက်အအုံနေရာကို ထိုင်းရဲတပ်ဖွဲ့က အခု နိုဝင်ဘာ ၂၄ ရက်မှာ ဝင်ရောက်စီးနင်းချိန် ပိုင်ရှင်ဖြစ်သူ အသက် ၃၀ အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို ကနဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလောင်းကစားရုံးနေရာကို ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အွန်လိုင်းကနေတဆင့် ခြေရာခံမိခဲ့တာဖြစ်ပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ချိန် gsa9game လို့ အမည်ရတဲ့ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဝက်ဘ်ဆိုဒ်မှာ အဖွဲ့ဝင် ၂၀,၀၀၀ ကျော်ရှိနေပြီး အများစုဟာ ဆယ်ကျော်သက်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ပြီးနောက် ၂၂ ဦးကို ဖမ်းဝရမ်း ထုတ် ခဲ့ပြီး ဝက်ဘ်ဆိုဒ် စီမံခန့်ခွဲရေးလုပ်ကိုင်သူ၊ ငွေကြေးစီမံခန့်ခွဲသူနဲ့ အွန်လိုင်းကြော်ငြာမန်နေဂျာ တွေအပါအဝင် သံသယရှိသူ ၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သူတို့နဲ့အတူ လုပ်ငန်းမှာ အသုံးပြုတဲ့ ဘဏ်အကောင့်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၃ ဦးကိုလည်း ဆက်လက်ရှာဖွေနေတယ် လို့ စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးက ပြောပါတယ်။

လောင်းကစားရုံတည်နေရာဟာ ထိုင်း–မြန်မာ နယ်စပ်အနီး မှာရှိပြီး လစဉ် ဘတ် ၁၀ သန်းကျော် ငွေကြေး လည်ပတ်နေသလို တစ်နှစ်ကို ဘတ် သန်း ၁၂၀ ကျော်အထိရှိတယ်လို့လည်း ဆိုပါတယ်။

 

ဝင်ရောက်စီးနင်းချိန် ဖမ်းဆီးရမိသူနဲ့အတူ Honda Accord ဆိုင်ကယ်တစ်စီး၊ ကွန်ပျူတာတစ်လုံး၊ ဖုန်း ၁၁ လုံး၊ ဘတ် ၃၁၅,၀၀၀ တန်ဖိုးရှိ ရွှေတုံးတွေ၊ ဘတ် ၃၂၀,၀၀၀ တန်ဖိုးရှိ ရွှေထည်တွေနဲ့ ဘဏ်အကောင့် ၆ ခုကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CYBER CRIME INVESTIGATION BUREAU