စစ်အုပ်စုလော်ဘီ နောင်တော်လေးကို အရေးယူပေးဖို့ စစ်အုပ်စုရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းက တောင်းဆို
စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်က သူ့ကိုစွပ်စွဲပြောဆိုခဲ့တဲ့ သတင်းထောက် Myanmar Nation Post (MNP) က သတင်းထောက် နောင်တော်လေးကို ရွေးကောက်ပွဲဥပဒေနဲ့ စိစစ်အရေးယူပေးဖို့ စစ်အုပ်စု လက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ အခု နိုဝင်ဘာ ၂၁ ရက်မှာ တိုင်ကြားခဲ့တယ်လို့ တိုင်ကြားစာတွေအရ သိရပါတယ်။
ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်နဲ့ပတ်သက်ပြီး Myanmar Nation Post (MNP) က သတင်းထောက် နောင်တော်လေးရဲ့ ရေးသားဖော်ပြမှုဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေတာကြောင့် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၀ နဲ့ စိစစ်အရေးယူပေးဖို့ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။
ဦးလွင်မြင့်ရဲ့ မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာမှာ အကြမ်းဖက်လှုပ်ရှားတွေကို ထောက်ခံအားပေး ပြောဆိုခဲ့တယ်လို့ စစ်အုပ်စုကို ထောက်ခံတဲ့ MNP သတင်းထောက် နောင်တော်လေးက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဝေဖန်ပြောဆိုခဲ့သလို စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) ကို အခု နိုဝင်ဘာ ၁၅ ရက်မှာ ဆက်သွယ်မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တာပါ။
MNP သတင်းထောက်ရဲ့ ဝေဖန်ပြောဆိုမှုဟာ သူ့ကို အကြမ်းဖက်လှုပ်ရှားမှု ထောက်ခံအားပေးသူအဖြစ် ပုံဖော်စွပ်စွဲ ပြောဆိုထားပြီး သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၉ ရဲ့ ကျင့်ဝတ်၊ တာဝန်တွေကို ဖောက်ဖျက်သလို သူ့ရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေတာမို့ ရွေးကောက်ပွဲဥပဒေနဲ့ စိစစ်အရေးယူဖို့ ဦးလွင်မြင့်က တုံ့ပြန်ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၀ ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို မဲဆွယ်စည်းရုံးခြင်း မပြုနိုင်အောင် ဟန့်တားနှောင့်ယှက်တာ၊ ထိခိုက်နာကျင်အောင် လုပ်ဆောင်တာမျိုး မလုပ်ရဘူးလို့ ဖော်ပြထားပြီး ကျူးလွန်သူကို ထောင်ဒဏ် ၃ နှစ် ကနေ ၁၀ နှစ် အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၂၄၊ ပုဒ်မ ၂၅ တို့နဲ့ အရေးယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဦးလွင်မြင့်ဟာ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေးပြောဆိုတာကြောင့် ကိုယ်စားလှယ်လောင်း ပျက်ယွင်းမှုရှိ မရှိကိစ္စရပ်နဲ့ပတ်သက်ပြီး MNP သတင်းထောက် နောင်တော်လေးရဲ့ မေးမြန်းမှုအပေါ် မှန်ကန်ပါက တရားစွဲ အဖွဲ့အစည်းတွေက သက်ဆိုင်ရာဥပဒေနဲ့ အရေးယူမှာဖြစ်သလို UEC အနေနဲ့လည်း ရွေးကောက်ပွဲဥပဒေ ပြဌာန်းချက်တွေနဲ့ ဆက်လက်အရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – ဦးလွင်မြင့် Facebook
