စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီက ငလျင်ဒဏ်သင့်ပြည်သူတွေကို အကူအညီ ဟန်ပြသာပေး စစ်ကောင်စီတပ် အလုံးစုံစိုးမိုးမှုမရှိတဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီတွေ မရသလောက်ဖြစ်

စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီက ငလျင်ဒဏ်သင့်ပြည်သူတွေကို အကူအညီတွေ ဟန်ပြသာ ပေးနေပြီး သူတို့အလုံးစုံ ထိန်းချုပ်ထားခြင်း မရှိတဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီတွေ မရသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နှစ်ဖက် ထိန်းချုပ်နယ်မြေအစပ်မှာရှိတဲ့ ဒေသတွေမှာ ပရဟိတအဖွဲ့တချို့သာ သွားရောက်လှူဒါန်းနေပြီး နိုင်ငံတကာအကူအညီနဲ့ လှူဒါန်းငွေ အများကြီးရရှိထားတဲ့ စစ်ကောင်စီက လစ်လျူရှုထားကာ ဒရုန်း၊ ပါရာမော်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေသာ လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ ပြည်သူအချင်းချင်းကူညီကြတဲ့ ပရဟိတအဖွဲ့စည်းတွေကတော့ ရောက်နိုင်အောင်သွားကြတာမျိုး တွေ့ရတယ်။ဒါပေမယ့်လည်း မြို့ပေါ်လောက်မရနိုင်ဘူး “ လို့ စစ်ကိုင်းမြို့ခံ CJ Platform သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ မြို့ပေါ်မှာပင် သူတို့နဲ့နီးစပ်ရာတွေ၊ လမ်းမကြီးတွေ ရှင်းလင်းတာလောက်ပဲ ပြုလုပ်တာဖြစ်ပြီး မြို့ခံတွေကို ကူညီတာ မရှိသလောက်ပါပဲလို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
စစ်ကောင်စီက ဘုရားစေတီပြိုတာတွေကို ရှင်းလင်းတာတွေရှိပေမဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ကျောင်းတိုင်းလိုလို ကူညီပေးတာမျိုးမရှိပဲ စစ်ကောင်စီနဲ့ နီးစပ်တဲ့ကျောင်းတွေကိုသာ ကူညီပေးတာမျိုး ရှိတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
လက်ရှိမှာ စစ်ကိုင်းမြို့ခံတွေအနေနဲ့ ငလျင်ကြောင့်ပျက်စီးသွားတဲ့ နေအိမ်အဆောက်အဦတွေကို လူငှားရမ်းပြီး ဖျက်နေရသလို ရှင်းလင်းဖို့လည်း ငှားရမ်းလုပ်ဆောင်နေရတယ်လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
“ရှင်းလင်းတာနဲ့ ပတ်သက်ပြီးပြောရရင် ကူညီသူတွေရှိတယ်၊ လိုက်ပြီး ဖြိုချပေးတဲ့သူတွေပေါ့။ သူတို့တွေကတော့ အဖြိုသက်သက်ကူညီပေးတယ်။ ရှင်းလင်းရေးကတော့ အိမ်ရှင်တွေပဲ ဆက်လုပ်ရတာပေါ့နော် “ လို့ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။
လူတစ်ယောက်ငှားရမ်းစရိတ်အနေနဲ့ တစ်ရက်ကို အိမ်အနေထားနဲ့ အန္တရာယ်ရှိမှု မရှိမှုပေါ်မူတည်ပြီး ကျပ် ၃သောင်းကနေ တစ်သိန်းထိ ပေါက်စျေးရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
မြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာတော့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ကူညီသူတွေရဲ့ ပံ့ပိုးတာတွေရှိနေပေမဲ့ နှစ်ဖက်အဖွဲ့အစည်းတွေ အလုံးစုံမထိန်းချုပ်နိုင်ဘဲ စစ်မက်ဖြစ်ပွားနေတဲ့ အညိုရောင်နယ်မြေတွေမှာတော့ ထိခိုက်မှု ကြီးမားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ငလျင်ဘေးသင့်မြိုနယ်တွေကို ရန်ပုံငွေထောက်ပံ့ထားရှိမှု အခြေအနေနဲ့ ပတ်သက်ပြီး မြို့နယ် ၃၁ မြို့နယ်အတွက် ကျပ်ငွေ ၁ ဒသမ ၆ ဘီလီယံကျော် (၁၆၅၆ ဒသမ ၇ သန်း) ထောက်ပံ့ထား ရှိတယ်လို့ ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းမှုအရ ကျပ်ငွေ (၁၁၅၈၇၆) ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ (၂ဒသမ၄၃၇) သန်းကျော်၊ ကိုရီးယားဝမ် (၅)သန်း၊ အိန္ဒိယရူပီး(၁၅)သန်း၊ ထိုင်းဘတ်(၂)သန်းနှင့် စင်ကာပူဒေါ်လာ (၃၁၅၀)တို့ရရှိခဲ့ပေမဲ့ ကျပ် ၁၂၅ ဘီလီယံကိုသာ စစ်ကိုင်း မန္တလေး နေပြည်တော်နဲ့ ရှမ်းပြည်တို့ကိုပေးထားပြီးဖြစ်တယ်လို့ စစ်ကောင်စီ သတင်းတွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်းရှိ မြို့ကြီးတွေကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျေးရွာတွေကို NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က စိုးမိုးထားကာ မြေငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့နေရာတွေကို အကူအညီများမရောက်ရှိဖို့ စစ်ကောင်စီက ကန့်သတ်ထားခဲ့ပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်သင့်ဒေသတွေကို သွားရောက်ကူညီပေးကြတဲ့ လူမှုရေးပရဟိတအဖွဲ့တွေကိုလည်း သွားရောက်သူစာရင်း အလှူငွေကောက်ခံရရှိမှုနဲ့ ကူညီလှူဒါန်းမယ့် အရာတွေကို စစ်ကောင်စီထံပေးပြီး မှသာ လှူဒါန်းဖို့သွားရောက်နိုင်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းက ပရဟိတ အဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“NUG စိုးမိုးနယ်မြေတွေကို စစ်ကောင်စီဘက်က ပစ္စည်းပစ္စယတွေ လှူဒါန်းမှုတွေက ဒါတွေက ဘာမှ မရောက်တာသေချာတယ်။ တချို့ဟာ တွေဆိုရင် ဘယ်ဘက်ကမှ အပြည့်အဝ မစိုးမိုးထားတဲ့ နေရာမျိုးပေါ့။ အဲ့လိုနေရာမျိုးတွေတောင်မှ တချို့အကူအညီတွေက မရောက်တဲ့သဘောတော့ရှိတယ် “ လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က မီဒီယာတစ်ခုကို ဖြေကြားခဲ့ပါတယ်။
လက်နက်ကိုင်ခုခံမှုအားကောင်းပြီး NUG စိုးမိုးနယ်မြေအများအပြားရှိရာ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အငြိုးထားပြီး အစစအရာရာကန့်သတ်နေတယ်လို့လည်း သူကဆိုပါတယ်။
စစ်ကောင်စီက အင်အားပြင်းမြေငလျင်ကြောင့် အပစ်ရပ်တယ်လို့ကြေညာထားခဲ့ပြီးနောက် ဧပြီလ ၁၁ ရက်နေ့အတွင်း စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ ဧရာဝတီ၊ ကချင်၊ ကရင် ၊ မွန်နဲ့ ရခိုင် မှာ လေကြောင်းနဲ့လက်နက် ပစ်တာတွေရှိပြီး လေကြောင်းတိုက်ခိုက်မှု ၇၂ကြိမ် ရှိခဲ့ပြီး ၁၀၅ ဦး သေဆုံးခဲ့တယ်လို့ ဧပြီလ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ NUG က ပြောဆိုထားပါတယ်။
ဧပြီလ ၂၅ ရက် စာရင်းတွေအရ မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦး၊ ပျောက်ဆုံးသူ ၁၁၀ ဦးရှိပြီး လူနေအိမ် ၆ သောင်းကျော်၊ စာသင်ကျောင်း ခုနစ်ထောင်နီးပါး၊ ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်း ၅၅၀၀ နီးပါး၊ စေတီပုထိုးပေါင်း ၅၃၄၂ ဆူ၊ အခြားဘာသာရေး အဆောက်အဦ ၆၁၃ လုံး ၊ ဆေးရုံ/ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်းနဲ့ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CJ Platform