ငလျင်အတွက် အလှူငွေများစွာရရှိပေမဲ့ စစ်ခေါင်းဆောင်က ကျပ် ၁၂၅ ဘီလီယံသာ ပေးသေးတယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

Author CJ Platform
Categories
Published on Apr 26, 2025

အင်အားပြင်း စစ်ကိုင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအတွက် နိုင်ငံတကာအကူအညီတွေအပြင် ပြည်တွင်းပြည်ပ အလှူငွေများစွာရရှိခဲ့ပေမဲ့ စစ်ခေါင်းဆောင်က ကျပ် ၁၂၅ ဘီလီယံကိုသာ စစ်ကိုင်း မန္တလေး နေပြည်တော်နဲ့ ရှမ်းပြည်တို့ကို ပေးခဲ့တယ်လို့ မနေ့ ဧပြီလ ၂၅ ရက်နေ့က ကျင်းပတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပါတယ်။

 

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ စက်ယန္တရားများအပြင် လိုအပ်ချက်တွေအသုံးပြုနိုင်ဖို့နဲ့ စောလျင်စွာ ကယ်တင်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကနေ စစ်ကိုင်းအတွက် ငွေကျပ် ၅၀ ဘီလီယံ၊ မန္တလေးတိုင်းအတွက် ငွေကျပ် ၆၀ ဘီလီယံ၊ နေပြည်တော်အတွက် ၁၀ ဘီလီယံနဲ့ ရှမ်းပြည်အတွက် ၅ ဘီလီယံကို ထပ်မံပေးအပ်ခဲ့တယ် လို့ဆိုပါတယ်။

 

“ပြည်တွင်း/ပြည်ပ စေတနာရှင်အလှူရှင်တွေက အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို အလှူငွေများပေးအပ်ရာမှာ ဧပြီလ ၂၄ ရက်နေ့အထိ ကျပ် (၁၁၅၈၇၆) ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ (၂ဒသမ၄၃၇) သန်းကျော်၊ ကိုရီးယားဝမ် (၅)သန်း၊ အိန္ဒိယရူပီး(၁၅)သန်း၊ ထိုင်းဘတ်(၂)သန်းနဲ့ စင်ကာပူဒေါ်လာ (၃၁၅၀)တို့ကို လက်ခံရရှိထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ငွေစာရင်းထဲ ထည့်သွင်းထားတယ် “ လို့ ဒုစစ်ခေါင်းဆောင်က ပြောခဲ့တာပါ။

 

စစ်ခေါင်းဆောင်အနေနဲ့ ငလျင်စတင်ဖြစ်ပွားချိန်မှာ နိုင်ငံတကာကို အကူအညီတောင်းခံတာကြောင့် နိုင်ငံပေါင်း ၂၆ နိုင်ငံကနေ ယနေ့အချိန်ထိ လေယာဉ်ပေါင်း ၁၄၇ စင်း၊ သင်္ဘော ၇ စင်း၊  မော်တော်ယာဉ်  ၂၃ စီးတို့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း ၂၀၉၅ ဦးရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၆၃၅ ဒသမ ၉၂ တန်နဲ့ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၉၇ ဒသမ ၁၂ တန်၊ စုစုပေါင်းတန်ချိန် ၃၈၃၃ ဒသမ ၈၄ တန်   ပေးပို့လှူဒါန်းကူညီကြတယ်လို့လည်း အာဏာသိမ်း ဒုခေါင်းဆောင်က ဆိုပါတယ်။

 

ဧပြီ ၂၅ ရက် စာရင်းတွေအရ မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦး၊ ပျောက်ဆုံးသူ ၁၁၀ ဦးရှိပြီး နိုင်ငံပေါင်း(၆)နိုင်ငံက ဆေးကုသရေးအဖွဲ့ဝင်အင်အား ၃၃၇ ဦးနဲ့ စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့မှာ နိုင်ငံအလိုက် အဖွဲ့များခွဲကာ ယာယီဆေးရုံဆေးခန်းများဖွင့်လှစ်ပြီး အရေးပေါ် ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

 

အင်အားပြင်း မြေငလျင်ကြောင့် နေပြည်အပါအဝင် ပြည်နယ်နဲ့တိုင်း ၁၀ ခုမှာ ဧပြီ ၂၄ ရက် ကနဦး စာရင်းတွေအရ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင် ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ဆူ၊ အခြားဘာသာရေးအဆောက်အဦ ၆၁၃ လုံး၊ ဆေးရုံ/ ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပထောက်ပံ့ပေးသည့် ပစ္စည်းတွေကို အရန်မထားဘဲ ပြည်ပနိုင်ငံတွေကပေးပို့တဲ့  ကယ်ဆယ်ရေးပစ္စည်းနဲ့ ထောက်ပံ့ရေးပစ္စည်း စုစုပေါင်းတန်ချိန် ၃၈၃၃ ဒသမ ၈၄ တန်ကို ရောက်ဖြန့် စနစ်နဲ့ ဖြန့်ဝေပေးနေတယ်လို့ ဒုစစ်ခေါင်းဆောင်က ဆိုပါတယ်။

 

“ စစ်ကောင်စီက မြို့ပေါ်မှာတောင် ကူညီတာတွေက သူတိူ့နီးစပ်ရာတွေ လမ်းမကြီးတွေ ရှင်းတာလောက်ပဲ ကူညီတာပါ။ မြို့ခံတွေကို ကူညီတာမရှိသလောက်ပါပဲ “ လို့ စစ်ကိုင်းမြို့ခံ CJ Platform သတင်းရင်းမြစ်က ဆိုပါတယ်။

 

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် ပြည်နယ်နဲ့တိုင်း ၁၀ ခုက အိမ်ထောင်စု ၁၂၈၉၆၅ စု၊ လူဦးရေ ၆၂၉၂၀၆ ဦး ငလျင်ဘေးကြုံတွေ့ခဲ့ကြရပြီး ဧပြီလ ၂၃ ရက်နေ့ အထိ ကယ်ဆယ်ရေးစခန်း ၁၃၅ ခုကို ပြောင်းရွှေ့နေထိုင်သူ ၄၈၆၅၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင်  မိမိအစီအစဉ်နဲ့ ပြောင်းရွှေ့နေထိုင်သူ ၁၅၉၂၃၉ ဦး၊ ငလျင်ဘေးသင့်ခဲ့ပေမဲ့ နေအိမ်မှာ   နေထိုင်လို့ ရတဲ့အတွက် ဆက်လက်နေထိုင်သူ ၄၂၁၃၁၁ ဦးရှိတယ်လို့လည်း ဆိုပါတယ်။

 

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ စစ်ကောင်စီအနေနဲ့ ဆောင်ရွက်ပေးသင့်တာကို  ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်တာကို တစ်နိုင်တစ်ပိုင်လုပ်ဆောာင် သွားရမှာ ဖြစ်တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

Related News

Depend on news