တစ်လကျော်ကြာ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ဟားခါးမှာ မီးသွေးစျေးမြင့်တက်

Author CJ Platform
Categories
Published on Apr 26, 2025

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ချင်းပြည်မြို့တော် ဟားခါးမှာ မတ်လ ၂၃ ရက်နေ့မှစ၍ ယနေ့ ဧပြီလ ၂၅ ရက်ထိ တစ်လကျော်ကြာ လျှပ်စစ်မီး ပြတ်တောက်တာကြောင့် မီးသွေးစျေးတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်း သိရှိရပါတယ်။

 

လျှပ်စစ်မီးမရရှိတာကြောင့် ဒေသခံတွေဟာ ထမင်း၊ ဟင်း ချက်ပြုတ်ရာမှာ မီးသွေးကို ပိုမိုအသုံးပြုလာတဲ့အတွက် မီးသွေးစျေးမြင့်ရတာဖြစ်တယ်လို့ သိရပါတယ်။

 

“လျှပ်စစ်မီးမရတာ အတော်ကြာပြီ။ လျှပ်စစ်မီးမရတော့ ချက်ပြုတဲ့နေရာမှာ ဖြစ်ဖြစ်၊ မီးပူတိုက်တဲ့နေရာမှာဖြစ်ဖြစ် မီးသွေးပဲ အသုံးပြုနေရတယ်။ အဲဒါကြောင့် မီးသွေးစျေးက တက်သွားတယ်။ အစတော့ အဲလောက်ထိ မဟုတ်ဘူး။ အခုမှ စျေးတက်သွားတယ်။ ဆိုင်တိုင်းမှာလည်း မီးသွေးဝယ်လို့မရဘူး။ ရောင်းတဲ့ဆိုင်ရှားတယ်”လို့ အသက် ၅၀ နှစ်အရွယ် ဟားခါးမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ဟားခါးမှာ မီးသွေးလုပ်ငန်း လုပ်ကိုင်သူတွေရှားပါးပြီး မီးသွေးကို စစ်ကိုင်းတိုင်း၊ ကလေး၊ ကလေးဝနဲ့ တခြားမြို့နယ်တွေက ဝယ်ယူတင်သွင်းနေရတယ်လို့ သိရပါတယ်။

 

“နိုင်ငံရေးမကောင်းတော့ တောတောင်ထဲသွားပြီး မီးသွေးမဖုတ်ကြတော့ဘူး။ အခုက စစ်ကိုင်းဘက်က သယ်သွင်းရတာ။ အဲလိုတင်သွင်းတဲ့ခါ လမ်းမှာ ဂိတ်ကြေးတွေ အဆင့်ဆင့်ပေးဆောင်ရတယ်။ ဒါကြောင့် မီးသွေးစျေးက ကုန်ကျစရိတ်တွေနဲ့တွက်ခြေရောင်းချတဲ့ စျေးတက်ရတာဖြစ်တယ်။”လို့​ဟားခါးမြို့ခံကုန်သည်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဟားခါးမှာ လျပ်စစ်မီးမပြတ်ခင်က မီးသွေးအိတ် တစ်အိတ်ကို ၂၅,၀၀ ကျပ်သာရှိပြီး လက်ရှိမှာ မီးသွေးအမျိုးအစားပေါ် မူတည်၍ တစ်အိတ်ကို ၄၀,၀၀၀ ကျပ်မှ ၄၅,၀၀၀ ကျပ်ထိရှိတယ်လို့ သိရပါတယ်။

 

လျှပ်စစ်မီးကို အသုံးပြုပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်ရှင်တွေကလည်း အခက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလည်ပတ်နေတဲ့ စားသောက်ဆိုင်တွေဆို လျှပ်စစ်မီးနဲ့ လှည့်ပတ်နေရတာပါ။ အခုလျှပ်စစ်မီးမရတော့ ဆိုင်လှည့်ပတ်ဖို့ အခက်တွေ့တယ်။ မီးစက်မောင်းပြီး လှည့်ပတ်မယ်ဆိုရင်တောင် လက်ရှိ စက်သုံးဆီစျေးနဲ့ဆို အဆင်မပြေဘူး။ အခုဟာက ရေတင်ရင်တောင် ကျွန်တော်တို့ ရေစက်ငှား တင်ရတဲ့အခြေအနေပါ။ လုံးဝ အဆင်မပြေဘူး”လို့ လုပ်ငန်းရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဟားခါးမြို့မှာ အရင်ကလည်း လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုရှိခဲ့ပြီး အခုတစ်ကြိမ် ပြတ်တောက်မှုဟာ ဟားခါးမြို့ကို ဆက်သွယ်ထားတဲ့ လျှပ်စစ်မီးဟာ ကလေး-ဂန့်ဂေါ လမ်းပိုင်းမှာ ဝါယာကြိုးချို့ယွင်းတဲ့အတွက် လအတန်ကြာ လျှပ်စစ်မီးပြတ်တောက်မယ်လို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး တာဝန်ရှိသူတစ်ဦးက မတ်လ ၂၃ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့်  အသိပေးထားပါတယ်။

 

မတ်လအစောပိုင်းက ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာကြောင့် လျှပ်စစ်ဝါယာကြိုးတွေ ထိမှန်ပျက်စီးသွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားပါတယ်။

 

ဓာတ်ပုံ – ပေးပို့