နေပြည်တော်တည်ဆောက်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ကုမ္ပဏီတွေ ပြန်ဆက်သွယ်ပေးကြဖို့ စစ်ကောင်စီကြေညာ ၊ အဓိကတာဝန်ရှိသူ ACE ဦးတင့်ဆန်း လူမြင်ကွင်းက ပျောက်ကွယ်နေ

နေပြည်တော် တည်ဆောက်ရေး အထူးဖွံဖြိုးရေးစီမံကိန်းမှာ ပါဝင်ခဲ့ကြတဲ့ ကုမ္ပဏီတွေအနေနဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကို ဆက်သွယ်ကြဖို့ စစ်ကောင်စီက ဒီကနေ့ ဧပြီ ၂၆ရက်နေ့ထုတ် သူတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ကြေညာလာပါတယ်။
ရုံးဌာန အဆောက်အဦတွေ၊ အထူးအဆောက်အဦတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ အုပ်ချုပ်ရေးအဆောက်အဦးတွေ အပါအဝင် အခြား အဆောက်အဦတွေ တည်ဆောက်ရာမှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေအားလုံး ပြန်လည်ဆက်သွယ်ပေးရမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
နေပြည်တော် တည်ဆောက်ရေးမှာ အဓိက တင်ဒါရရှိခဲ့သူမှာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အားကစားဝန်ကြီး၊ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး အဖြစ် လုပ်ဆောင်ခဲ့သူ A.C.E ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းဖြစ်ပြီး လွှတ်တော်အဆောက်အဦအပါအဝင် ထင်ရှားသည့် အဆောက်အဦများကို တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီးမှာ နေပြည်တော်တည်ဆောက်ရေးအတွက် တင်ဒါအများဆုံး ရရှိခဲ့တဲ့ ဦးတင့်ဆန်းဟာ နှုတ်ဆိတ်နေခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရည်သွေးမပြည့်မီဘဲ တည်ဆောက်ပေးခဲ့ကြတဲ့ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပေမဲ့ အဓိက တာဝန်ရှိသူ ဦးတင့်ဆန်းကိုတော့ ခေါ်ယူတွေ့ဆုံတာ မရှိသေးပါဘူး။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ACE ပိုင်ရှင် ဦးတင့်ဆန်းကို ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်ရီ၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းကိုကိုတို့နဲ့အတူ မဲဆွယ်ပွဲတစ်ခုမှာ မြင်ရစဉ်