လူထုရဲ့ ယုံကြည်သက်ဝင်မှုဟာ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ယာယီသမ္မတပြော

လူထုရဲ့ ယုံကြည်သက်ဝင်မှုဟာ နွေဦးတော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၂၆ရက်နေ့မှာ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစိုးရအဖွဲ့အစည်းအဝေး ၉/၂၀၂၅ အစည်းအဝေးမှာ ယာယီသမ္မတက ပြောကြားခဲ့တာပါ။
“ကျွန်တော်တို့အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း နွေဦး တော်လှန်ရေးဟာ လူထုတော်လှန်ရေးတစ်ရပ်ဖြစ်ပါတယ်။ လူထုတော်လှန်ရေးဖြစ်တာကြောင့် လူထုရဲ့ ယုံကြည်သက်ဝင်မှုဟာ အင်မတန် အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယဲ။ လူထုရဲ့ ထောက်ခံမှုနဲ့ တော်လှန်ရေးအောင်မြင်မှုဟာ တိုက်ရိုက် အချိုးကျပါတယ်။ တော်လှန်ရေး အောင်မြင် ခြင်း/ မအောင်မြင်ခြင်းဆိုတာကလည်း ကျွန်တော်တို့လို ဦးဆောင်ဦးရွက်ပြုနေသူတွေရဲ့ အရည် အချင်းနဲ့ စွမ်းရည်တွေ၊ အမြော်အမြင်တွေအပေါ်မှာ မူတည်နေတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ လူထုထောက်ခံယုံကြည်မှုကို ကျွန်တော်တို့ရဲ့ လုပ်ရပ်နဲ့သာ သက်သေပြရမှာ ဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့ စုဖွဲ့မှု အားကောင်းလာလေလေ တော်လှန်ရေးမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပိုမိုအားတက်ယုံကြည်မှုတွေ တိုးလာမယ်လို့ ယာယီသမ္မတက ဆိုပါတယ်။
“မြေပြင်မှာ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှားနိုင်မှု တွေဟာ သုံးလေးငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာလည်း ရန်သူက တိုးမပေါက်နိုင် လောက်အောင် ခုခံကာကွယ်နိုင်တဲ့အထိ အခြေအနေတွေ ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာ မြေပြင်ပေါ် လက်တွေ့ အင်အားတွေ တည်ဆောက်နိုင်ခြင်းဟာ အဓိက အခရာဆိုတာ မေ့ထားလို့ မရပါဘူး”လို့လည်း ယာယီသမ္မတက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစိုးရအဖွဲ့အစည်းအဝေး ၉/၂၀၂၅ကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပြင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – NUG