အမ်း-ပဒါန်းကားလမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီဗုံးကြဲလို့ စစ်ရှောင်တစ်ဦးသေဆုံး

Author CJ Platform
Categories
Published on Mar 26, 2025

မကွေးတိုင်း ငဖဲမြို့နယ် အတွင်း အမ်း-ပဒါန်းကားလမ်းပေါ်မှာရှိတဲ့ လိုင်ကျေးရွာကို မနေ့က မတ်လ ၂၅ ရက် မနေ့က စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လိုင်ရွာမှာ စစ်ရှောင်ဖို့ရောက်နေသူတစ်ဦး သေဆုံးခဲ့တဲ့အပြင် ဒေသခံတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

နတ်ရေကန်ဗျူဟာကုန်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး မနေ့က နေ့လယ် ၁၂ နာရီခွဲခန့်အချိန်မှာပဲ စစ်ကောင်စီက အနီးရှိကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လိုင်ကျေးရွာကိုလည်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ ဒရုန်းနဲ့ ဗုံးသီး ၇ လုံးထက်မနဲကြဲသွားတာပါ။ ပဘဲကျေးရွာက တစ်ယောက်သေတယ်၊ လိုင်ရွာက တစ်ယောက် လက်တစ်ဖက်ကျိုးသွားတယ်” လို့ ဒီအကြောင်းသိရှိသူ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လိုင်ကျေးရွာဟာ အိမ်ခြေတစ်ရာကျော်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး စစ်ဘေးရှောင်ဖို့ အနီးရှိကျေးရွာတွေက သူတွေက လာရောက်ခိုလှုံနေကြချိန် စစ်ကောင်စီရဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော်အရွယ်ရှိ ပဘဲကျေးရွာက ဦးရွှေသိန်း သေဆုံးခဲ့ရကာ ဒေသခံ အသက် ၅၀ ကျော်အရွယ် ဦးမိုင်ခန်းကတော့ လက်ကျိုးခဲ့တာလို့ သိရပါတယ်။

 

အခုရက်အတွင်း အမ်း-ပဒါန်း ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တော့မှာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးဆီကနေတဆင့် သိရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အဲဒီသတင်းကြောင့် အများစုက ထွက်ပြေးတိမ်းရှောင်နေတာတွေရှိပြီး တချို့ကတော့ ကျွဲ၊ နွား စတဲ့တိရစ္ဆာန်တွေနဲ့ နေအိမ်တွေစောင့်ရှောက်နိုင်ဖို့ ကျေးရွာတွေမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

 

နတ်ရေကန်ဗျူဟာကုန်းအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးရှိကျေးရွာတွေ ထိခိုက်ပျက်ဆီးတယ်ဆိုတာသာသိရရှိရပြီး ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ CJ Platform အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း အမ်း-ပဒါန်းကားလမ်းပေါ်ရှိ အိမ်ခြေ တစ်ရာကျော်ရှိ လင်းတဲ့ကျေးရွာဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ချင်းအမျိုးသားနှစ်ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်