၂၀၂၅ အလွန်မှာ နိုင်ငံကို ထိန်းကြောင်းဆောင်ရွက်ဖို့ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

Author CJ Platform
Categories
Published on Mar 26, 2025

လာမယ့် ၂၀၂၅ ခုနှစ်အလွန်မှာ နိုင်ငံကို ဘယ်လိုထိန်းကြောင်းဆောင်ရွက်ရမယ်ဆိုတာဟာ  အလွန်ကြီးမားတဲ့  စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ မတ်လ ၂၅ ရက် မနေ့က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီရဲ့  ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

 

အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့လုပ်ခဲ့ပေမဲ့ တည်ငြိမ်မှု လိုအပ်တာကြောင့် မကျင်းပဖြစ်ပဲ ဒီနှစ် ဒီဇင်ဘာတတိယအပတ်က စတင်ပြီးကျင်းပဖို့ လျာထားခဲ့ကာ ၂၀၂၆ ဇန်နဝါရီမှာ အပြီးကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“၂၀၂၅ အလွန်တွင် နိုင်ငံရေးနှင့်ပတ်သက်လာပါက မိမိတို့အတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုများဖြစ်ပေါ် လာနိုင်မှာဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင် မာမာ ဖြစ်စေရေးအတွက် မည်ကဲ့သို့ ထိန်းကြောင်း ဆောင်ရွက်သွားရမယ်ဆိုတာကို စဉ်းစား ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ နိုင်ငံရေးအရ၊ ပထဝီအနေအထားအရ စိန်ခေါ်မှုများစွာရှိ နေတာကို သိရှိနေရမှာဖြစ်တယ် “ လို့ ငါးနှစ်နီးပါး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇ ခုနှစ်) ကို အတည်ပြုရေးဆွဲကာ ကျင့်သုံးခဲ့ပြီးနောက် ဆိုရှယ်လစ် စနစ်ကို လက်ခံတဲ့အုပ်စု၊ လစ်ဘရယ်အယူဝါဒပိုင်းကို လက်ခံတဲ့အုပ်စုနဲ့ ဒီမိုကရေစီကို သွားမယ့်အုပ်စု ဆိုပြီး သုံးဖွဲ့ကွဲသွားတာကို သင်ခန်းစာယူပြီး ဒီမိုကရေစီစနစ်ကို အမှန် တကယ် လျှောက်လှမ်းမယ်ဆိုပါက နိုင်ငံရေးအကြောင်းကို သိရှိနားလည်သူများ ဖြစ်ဖို့ လိုအပ်တယ်လို့လည်း သူက မိန့်ခွန်းထဲ ထည့်ပြောထားပါတယ်။

 

ဒါ့အပြင် ပါလီမန် ဒီမိုကရေစီခေတ်မှာလည်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရွေးကောက်ပွဲကို တစ်ကြိမ်တည်းကျင်းပခဲ့တာ မဟုတ်တာကြောင့် ၎င်းအနေနဲ့ ရွေးကောက်ပွဲ အထမြောက်တဲ့အဆင့်ကို ဦးစားပေး ပြီးမြောက်အောင် ဆောင်ရွက်မှာဖြစ်တယ်လို့ နိုင်ငံတစ်ဝန်း စစ်ရှုံးကာနယ်မြေစွန့်လွှတ်ထားရတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစနစ် (Electronic Voting Machine) နဲ့ မဲပေးရန် ပြင်ဆင်ထာပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ရက်ကန့်သတ်မထားဘူးလို့ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြွေးကြော်ထားသူက ဆိုပါတယ်။

 

“မိမိတို့အနေနဲ့ တစ်ရက်နှစ်ရက်အတွင်း မဲစာရင်းအား အတည်ပြုဆောင်ရွက်နိုင်ကြောင်း၊ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်လို့ရတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြီးမြောက်နိုင်မှာဖြစ်တယ်” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိန့်ခွန်းထဲထည့်ပြောသွားပါတယ်။

 

အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တို့မှာ PR စနစ်ကို ကျင့်သုံးနိုင်ဖို့လျာထားပြီး  တစ်နိုင်ငံလုံးကို အသိပေးမှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင် ပြင်ဆင်သည့်ကာလမှာပင် လုံခြုံရေးကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပြီး မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အပြင် မြန်မာများအားလုံးစည်းလုံးကြဖို့နဲ့ မြန်မာ့တန်ဖိုးမြှင့်တင်ကြဖို့ကို စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – pro-SAC