ရေကြည်က နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ အမျိုးသားကို စစ်ကောင်စီက ဖမ်းဆီးပြီးသတ်ဖြတ် လူငယ်နှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးရာကနေ တစ်ဦးသေဆုံး

Author CJ Platform
Categories
Published on Feb 26, 2025

ရေကြည်မြို့နယ်မှာ စစ်ကောင်စီက ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးကာ သတ်ဖြတ်နေပြီး အဲဒီအထဲ နိုင်ငံရေးအကျဉ်းသူ တစ်ဦးရဲ့ အမျိုးသားကိုပါ ဖမ်းဆီးခဲ့ကာ ဖေဖော်ဝါရီ လလယ်အတွင်း ရိုးမတောတစ်နေရာမှာ ပစ်သတ်ခဲ့တယ်လို့ CJ Platform တပ်တွင်းသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ဒါ့အပြင် ရေကြည်မြိုနယ် ကုန်းပြင်ကျေးရွာမှာ လူငယ်နှစ်ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ရခိုင်ဘက်က လာမလာ စစ်ဆေးရာကနေ တစ်ဦးမှာ လက်လွန်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 

“ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးရဲ့ ယောင်္ကျား ကို—ကို ရိုးမထဲမှာ သတ်ပစ်ခဲ့ကြတာ၊ သူကရေကြည်နဲ့ လေးမျက်နှာအစပ်မှာနေတဲ့သူပါ။ ကုန်းပြင်မှာလည်း ကောင်လေးနှစ်ယောက်ကို ဖမ်းသွားပြီး အပြင်းအထန်နှိပ်စက်လို့ တစ်ယောက်သေသွားပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

 

ရေကြည်မြို့နဲ့ လေးမျက်နှာမြို့အစပ်မှာနေထိုင်သူ ကို— ကို စစ်ကောင်စီက AA/PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ နေရာကို သိရှိတယ်အထင်နဲ့ စစ်ကောင်စီတပ်က လမ်းပြခေါ်ဆောင်သွားရာကနေ မိဿာလင်အုပ်စု၊ တောင်ပေါ်(၁၃)မိုင်(ဒေသအခေါ်)အနီး ရိုးမတောထဲမှာ ပစ်သတ်ခဲ့လို့ ဝဲနားထင် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 

သေဆုံးသူရဲ့ အမျိုးသမီးမှာလည်း PDFတွေကို ထောက်ပံ့တယ်ဆိုတဲ့ မဟုတ်မမှန် စွတ်စွဲချက်နဲ့ ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်ခံထားရသူ ဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

ဒါ့အပြင် ကုန်းပြင်ကျေးရွာလမ်းမကြီးပေါ်မှာ လျှောက်လာတဲ့ မင်းခန့်ညား(ခ)ခန့်ကြီးနဲ့ ရဲမင်းစိုး(ခ)ချင်းလေးတို့ လူငယ်နှစ်ဦးကို စစ်ကောင်စီနဲ့ လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးကာ AA/PDF ပူးပေါင်းတပ်ဖွဲ့တွေဆီက ထွက်ပြေး လာတာဟုတ်မဟုတ် နှိပ်စက်မေးမြန်းရာကနေ ရဲမင်းစိုး(ခ) ချင်းလေးမှာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရေကြည်မြို့မှာရှိတဲ့ စစ်ကောင်စီနဲ့ လက်အောက်ရဲတပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့ပြည်သူတွေကို မတရားသဖြင့်ဖမ်းဆီးပြီး နေရာမတူပေမဲ့ တစ်ရက်ထဲမှာ တစ်ပြိုင်နက် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

 

စစ်ကောင်စီ ဘက်ကတော့ အဲဒီသေဆုံးသူ နှစ်ဦးကို သေမှုသေခင်းဖွင့်ထားပြီး ကို— ကိုတော့ တိုက်ပွဲဖြစ်ပွားရင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုထားပြီး ချင်းလေးကိုတော့ အမောဖောက်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

လက်ရှိမှာ စစ်ကောင်စီက ရေကြည်မြို့ အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အတော်များများမှာ ညအချိန် နေအိမ်တွေကိုဝင်ရောက်ကာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး စစ်မှုထမ်းဖို့အဓမ္မ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။