တောင်ဒဂုံရဲစခန်း အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရ

Author CJ Platform
Categories
Published on Feb 26, 2025

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် တောင်မြောက်လမ်းဆုံအနီးရှိ မြို့မရဲတပ်ဖွဲ့စခန်းကို ဖေဖော်ဝါရီ ၂၅ ရက် မနေ့ပိုင်းမှာ Dark Shadow UG အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

တောင်ဒဂုံရဲစခန်းရဲ့ အဝင်အထွက်ဂိတ်ကို ည ၇ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးဘူးလို့ သိရပါတယ်။

 

“ထိခိုက်မှုအခြေအနေတော့ မသိသေးဘူး။ ရဲဘော်တွေ ဘေးကင်းပါတယ်” လို့ Dark Shadow တာဝန်ခံ ရဲဘော်အရိပ်-ပန်ဒါက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီအနေနဲ့ မတရား စစ်မှုထမ်းဥပဒေကိုအသုံးပြုကာ လူငယ်တွေကိုဖမ်းဆီးတာ မိသားစုဝင်တွေကို ငွေတောင်းခံတာတွေ ပြုလုပ်နေသလို ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတယ်လို့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

 

တစ်နိုင်ငံလုံး တော်လှန်ရေး အရှိန်မြှင့်တင် နေသလို စစ်ကောင်စီကို အရိပ်ရဲဘော်တွေအနေနဲ့ ရရာနေရာကနေ တိုက်ခိုက်သွားမှာဖြစ်ပြီး နောက်ပစ်မှတ်တွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ ပြည်သူ့စစ်၊ ပျူစောထီးများနဲ့ အရပ်ဝတ်စစ်ကောင်စီအဖွဲ့ဝင်တွေကို ဝေးဝေးကနေ ရှောင်ရှားသွားကြဖို့ Dark Shadow ကထုတ်ပြန်အသိပေးထားပါတယ်။

 

ဓာတ်ပုံ – Dark Shadow