ထိုင်းမှာ လေ့လာရေးအဖွဲ့ ကားတိမ်းမှောက်တာကြောင့် ၁၈ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ပရာချင်ဘူရီခရိုင်က တောင်တက်လမ်းတစ်နေရာမှာ လေ့လာရေးခရီးသွားရောက်တဲ့ ကားတစ်စီး ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်အစောပိုင်းမှာ တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၈ ဦး သေဆုံးပြီး ၃၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီကားဟာ ဘွန်ကန်ခရိုင်ကနေ လူ ၂၀၀ ကျော်ကို တင်ဆောင်လာပြီး ရရောင်းခရိုင်ကို ဦးတည်သွားနေတဲ့ ဘတ်စ်ကားသုံးစီးအနက် တစ်စီးဖြစ်ပြီး ပရာချင်ဘူရီက နာဒီခရိုင်တွင်းမှာရှိတဲ့ ခေါင်ဆန်တုန်းတောင်အဆင်းမှာ မတော်တဆမှုဖြစ်ခဲ့တာလို့ သိရပါတယ်။
ပရာချင်ဘူရီလမ်းခရီးလုံခြုံရေးစင်တာက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မတော်တဆမှုဟာ ဒီကနေ့မနက် ၃ နာရီ ၂၀ ဝန်းကျင်မှာ ဖြစ်ခဲ့ပြီး တောင်အဆင်းလမ်းမှာ ယာဉ်မောင်းက ကားကိုမထိန်းနိုင်ဘဲ တောင်ဆင်းအတိုင်းလျှောကျပြီး တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်းတွေအရ အခင်းဖြစ်ရာနေရာမှာ လူ ၁၇ ဦးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးကတော့ ဆေးရုံမှာသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ၃၂ ဦးအနက် ၁၉ ဦးကို နာဒီဆေးရုံကို ပို့ဆောင်ထားပြီး ၁၃ ဦးကိုတော့ ကာဘင်ဘူရီဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
တိမ်းမှောက်မှုကြောင့် ပျက်စီးသွားတဲ့ကားဟာ ဘွန်ကန်ခရိုင် ဖုန်ချာရွန်စည်ပင်သာယာရေးအဖွဲ့က စီစဉ်တဲ့ စွန့်ပစ်အမှိုက်တွေနဲ့ပတ်သက်တဲ့ ငါးရက်ကြာ လေ့လာရေးခရီးစဉ်တစ်ခုအတွက် သွားရောက်နေတဲ့ ကားသုံးစီးထဲက တစ်စီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထိခိုက်သူတွေကို ဆေးကုသမှုပေးထားပြီး မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – Prachin Buri Rescue worker Mongkol Sisama
ပုံစာ – တိမ်းမှောက်နေသည့် ဘတ်စ်ကားကိုတွေ့မြင်ရစဉ်
ကိုးကား- Bangkok Post