မင်းတပ် ပြည်သူတွေ လက်နက်ခဲယမ်းတွေ ပြန်အပ်နှံဖို့ ထုတ်ပြန်

စစ်ကောင်စီ ကင်းစင်နယ်မြေတစ်ခုဖြစ်တဲ့ ချင်းပြည်က မင်းတပ်မြို့မှာ လက်နက်ခဲယမ်းတွေ ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား ပြန်လည်အပ်နှံကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် ( Chin Defence Force – Mindat) က ဖေဖော်ဝါရီ ၂၅ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ပြည်သူကို လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အန္တရာယ်က ကာကွယ်နိုင်ဖို့ အတွက် ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်းထိန်းချုပ်ဖို့ အထူးအလေးထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျားထွက်ပြေးစဉ် ရရှိတဲ့ လက်နက်ခဲယမ်းတွေ၊ အခြားတစ်နည်းနည်းနဲ့ ရရှိတဲ့ လက်နက်ခဲယမ်းတွေ တိုက်ခိုက်ရေးမောင်းပြန် ရိုင်ဖယ်တွေကို ပြန်လည်အပ်နှံဖို့ ထုတ်ပြန်ထားပြီး သတ်မှတ်ထားတဲ့ ဆုကြေး ဒါမှမဟုတ် ဝယ်ယူထားကြောင်း ခိုင်လုံမှုရှိပါက ဝယ်ယူထားတဲ့ တန်ဖိုးအတိုင်း ထုတ်ယူပြီး ပြန်လည် အပ်နှံကြဖို့ကို ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
သက်မှတ်ထားတဲ့ ရက်ကျော်လွန်ပြီး ပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းကိုင်ဆောင်တာ လက်ဝယ်ထားရှိတာ ရောင်းဝယ်ဖောက်ကားတာတွေ ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခံရမှာဖြစ်တယ်လို့ CDF-Mindat က ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲတဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ (၂၇၄) ကို အပြီးသတ်သိမ်းပိုက်ပြီး မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်ကာ ရန်ပုံငွေထည့်ဝင်ထားကြောင်းထောက်ခံချက်နဲ့ ပြန်လည်ဝင်ရောက် နေထိုင်ခွင့် ပြုနေပြီဖြစ်ပြီး ခွင့်ပြုချက်နဲ့ တားဆီးပိတ်ပင်ထားတဲ့ ပစ္စည်းတွေကလွဲလို့ ကုန်စည်ကူးသန်းသွားလာနိုင်ပြီပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – Salai Naing Hung
ပုံစာ – ၂၀၂၄ခုနှစ် ဧပြီလအတွင်းက မင်းတပ်မြို့အခြေအနေကို တွေ့ရစဉ် (ပုံဟောင်း)