မြိုင်မှာ စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးကို ဖမ်းပြီး တစ်ဦးကို ရိုက်နှက်ပြန်လွှတ်
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်က ၀က်ပုတ်ကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က စီးနင်းပစ်ခတ်မှုတွေ လုပ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံတချို့ကိုလည်း ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက စုံစမ်းသိရှိရပါတယ်။
ယမန်နေ့ မနက် ၁၀ နာရီကစပြီး ညနေ ၄ နာရီခွဲဝန်းကျင်အထိ မြိုင် စက်မှု- ၂ ဝန်းထဲက စစ်ကောင်စီတပ်သား ၁၀၀ ခန့်က ၀က်ပုတ်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မီးရှို့ဖျက်ဆီးမှုတွေပါ လုပ်ဆောင်ခဲ့တာကြောင့် နေအိမ် ၁၅ လုံးခန့် ပျက်စီးပြီး အသက် ၆၀ အရွယ်ခန့် ဒေသခံ အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းနဲ့ပြန်ကြားရေးတာ၀န်ရှိသူ ဦးဘိုဘိုသန့်ဇင်က CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ၀က်ပုတ်ကျေးရွာအတွင်း ဖမ်းဆီးခဲ့တဲ့ ဒေသခံနှစ်ဦးထဲက တစ်ဦးကို ရိုက်နှက်နှိပ်စက်ပြီး ပြန်လွှတ်ပေးခဲ့တာကြောင့် အဲဒီဒေသခံဟာ လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ ကျန်တစ်ဦးကတော့ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းအထိ ပြန်မလွတ်မြောက်လာသေးဘူးလို့ ဆက်ပြောပါတယ်။
“မနေ့ညနေပိုင်းမှာ စခ၊ ပခတွေ ပြန်ထွက်သွားတယ်။ တိမ်းရှောင်နေကြရတဲ့ ရွာတွေလည်း ပြန်၀င်ကြပြီ”လို့ ဦးဘိုဘိုသန့်ဇင်က လက်ရှိအခြေအနေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ စီးနင်းဝင်ရောက်ချိန်မှာ ၀က်ပုတ်ကျေးရွာအပြင် အနီးအနားက ချောင်းဦးတို၊ အိုင်းမ၊ ကုန်းရွာ၊ ဆိတ်သာ၊ ကျွဲတွင်းနဲ့ ဝါးရင်းချိုင် စတဲ့ကျေးရွာတွေက ဒေသခံ ၂,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကျေးရွာအတွင်း ပြန်လည်၀င်ရောက်နေနိုင်ပြီလို့ စုံစမ်းသိရှိရပါတယ်။
၀က်ပုတ်ကျေးရွာကို ၀င်ရောက်ခဲ့တဲ့ အဲဒီစစ်ကြောင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တဲ့ သရက်ကွပျူရွာက ထွက်ပြေးပြီး မြိုင် စက်မှု-၂ ကို ပူးပေါင်းသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ ပါ၀င်တယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်ရှိ ဝက်ပုတ်ပျူစောထီးစခန်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်က စတင်ပြီး ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ သြဂုတ်လ ၈ ရက်နေ့မှာ အပြီးတိုင် သိမ်းပိုက်ရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။
၀က်ပုတ်ကျေးရွာမှာ နေအိမ် ၃၀၀ ကျော်ရှိပြီး တော်လှန်ရေးတပ်တွေ မသိမ်းပိုက်မီက ဝက်ပုတ်ကျေးရွာအတွင်း စစ်ကောင်စီဘက်က အထိုင်စခန်းတွေ၊ ဘန်ကာတွေအထိုင်ချ တပ်စွဲခဲ့တာကြောင့် ကျေးရွာနေ ဒေသခံအများအပြား ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အဲဒီရွာကို ပြန်လည်သိမ်းပြီးနောက် နေအိမ် ၁၀၀ ခန့်က ပြည်သူတွေဟာ ပြန်လည်အခြေချ နေထိုင်ခွင့် ရခဲ့ကြတာလို့ ဆိုပါတယ်။
မြိုင်မြို့နယ်မှာ ပျူရွာငါးရွာရှိပြီး အညာမြေတပ်ပေါင်းစုနဲ့ တောင်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဝက်ပုတ်ပျူရွာကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ အပြည့်အဝသိမ်းပိုက်နိုင်ခဲ့ပြီး သရက်ကွပျူရွာကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်က သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု
ပုံစာ- စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ၀က်ပုတ်ကျေးရွာအတွင်းက နေအိမ်တွေကို တွေ့ရစဥ်