ရန်ကုန်မှာ ဖျားနာ/ဝမ်းသွားကလေးလူနာတွေ ဆေးရုံတက်ကုသရသူ အလွန်များပြားနေ နိုရိုဗိုင်းရပ်စ်ကူးစက်မှုဖြစ်မှာကို မိဘတွေစိုးရိမ်

Author ကိုထက်
Categories
Published on Dec 26, 2024

ရန်ကုန်က မြို့နယ်တချို့မှာ ဖျားနာ၊ ဝမ်းသွား ကလေးငယ်လူနာတွေ ဆေးခန်းမှာမပျောက်တဲ့အတွက် ဆေးရုံကြီးတွေအထိ တက်ရောက်ကုသနေရသူတွေ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အလွန်များပြားလာနေတယ်လို့ ဆေးရုံတက်ရောက်ကုသနေတဲ့ ကလေးမိခင်တွေဆီက သိရပါတယ်။

 

လသားအရွယ်ကလေးကစလို့ ၆ နှစ်အရွယ်အထိ ကလေးငယ်တွေမှာ ရောဂါပိုးသစ် နိုရိုဗိုင်းရပ်စ်(Norovirus)လက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ဝမ်းသွားတာ၊ အန်တာ စတဲ့ရောဂါတွေဖြစ်ပွားနေတာဖြစ်တယ်လို့ အင်းစိန်မြို့နယ် ကလေးငယ်မိခင်တစ်ဦးက ပြောပါတယ်။

 

“ကျွန်မသားလေးက ၂၀ ရက်နေ့ကစဖျားတာ။ အန်လည်းအန်တယ်။ အရင် ရပ်ကွက်ဆေးခန်းသွားပြတယ်။ မသက်သာလို့ ရန်ကင်းကလေးဆေးရုံကို သွားပြရတယ်။ ဆေးရုံမှာလည်း ကျွန်မသားလိုဖြစ်ပြီး လာပြတဲ့ကလေးတွေလည်း တော်တော်များတယ်။ တချို့ကလေးလေးတွေဆို ဝမ်းသွားတာပါဖြစ်တယ်တဲ့” လို့ သူမက ‌ပြောပါတယ်။

 

အခုရက်ပိုင်းအတွင်း ကလေးငယ်တွေ ဖျားနာတာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်ပွားနေတဲ့အတွက် တရုတ်နိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ Norovirus ကူးစက်ပျံ့နှံ့လာမှာကို ရန်ကုန်က ကလေးငယ်မိခင်တွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

 

“ဆေးခန်းနားနေတော့ သိနေ၊ ကြားနေရတာလေ။ ဟုတ်တယ်။ အခုရက်ပိုင်းတွေ ကလေး‌တွေ တော်တော်ဖျားနာကြတယ်။ ဝမ်းသွားတာတွေလည်းဖြစ်ကြတယ်။ အခု တရုတ်မှာဖြစ်နေ‌တဲ့ နိုရိုဗိုင်းရပ်စ်ကူးလာမှာကို စိုးရိမ်တာ” လို့ လှိုင်သာယာမြို့နယ်က အသက် ၄ နှစ်အရွယ် ကလေးမိခင်တစ်ဦးက ပြောပါတယ်။

 

အခုလို ရန်ကုန်မှာ ကလေးငယ်တွေ ရောဂါနှစ်မျိုး၊ သုံးမျိုးနဲ့ ဆေးရုံ/ဆေးခန်းတွေ တက်ရောက်ကုသရမှုများနေပေမဲ့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက‌တော့ တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

 

တရုတ်နိုင်ငံမှာ အစာအိမ်အူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး Norovirus ကူးစက်မှုများနေသလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကူးစက်မှုတွေရှိနေတဲ့အအပြင် လူသေဆုံးမှုတွေပါရှိနေတဲ့အတွက် ရောဂါမကူးစက်အောင် အထူးသတိပြုနေထိုင်ကြဖို့ ဆရာဝန်တွေကတော့ တိုက်တွန်းပြောဆိုတာတွေ ရှိနေပါတယ်။

 

ရောဂါပိုးရဲ့ လက္ခဏာတွေကတော့ ဝမ်း‌ပျက်/ဝမ်း‌လျှောဖြစ်ခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ ဖြစ်ပွားလေ့ရှိပြီး ရောဂါပိုးနဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီအတွင်းမှာ ရောဂါလက္ခဏာပြလေ့ရှိတယ်လို့ သိရပါတယ်။

 

ရောဂါကာကွယ်ဖို့အတွက် လက်ကို ‌စင်ကြယ်အောင် မကြာခဏဆေးကြောတာ၊ အစားအစာကို အစိမ်းစားခြင်းထက် ကောင်းစွာကျက်အောင် ချက်ပြုတ်ပြီးစားတာ၊ သစ်သီးနဲ့ ဟင်းရွက်တွေကို သေချာ ဆေးကြောပြီးမှ စားသုံးတာတွေ လုပ်သင့်သလို မိမိ နေထိုင်ရာ အိမ်၊ နေရာတို့ကို သန့်ရှင်းအောင် ထားဖို့လည်း လိုအပ်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။

 

အဲဒီရောဂါဟာ အသက်(၅)နှစ်အောက် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းပါး‌သူ‌‌တွေ ကူးစက်မိပါက ရောဂါဝေဒနာပြင်းထန်နိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိသက်ရောက်နိုင်တယ်လို့ သိရပါတယ်။

 

နိုရိုဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံကြီးမှာ မြန်မာဘက်ကနေ လာရောက်ကုသတဲ့ မြန်မာနိုင်ငံသားနှစ်ဦး သေဆုံးထားတယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ ရန်ကုန်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူတွေ ရှိခဲ့ပြီး စစ်ကောင်စီကျန်းမာရေးဌာနက‌တော့ ကာကွယ်ဆေးတိုက်ကျွေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ရန်ကင်းကလေးဆေးရုံက ကလေးလူနာအချို့ကို တွေ့ရစဉ်

 

Related News

Depend on news