ရုရှားကို ဦးတည်ပျံသန်းလာတဲ့ အဇာဘိုင်ဂျန်လေယာဉ် ပျက်ကျမှု ခရီးသည် ၄၀ ဝန်းကျင် သေဆုံး
အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့ကနေ ရုရှားနိုင်ငံတောင်ပိုင်းက ဂရော်ဇနီမြို့ကို ဦးတည်ပျံသန်းလာတဲ့ အဇာလိုင်ဂျန်လေကြောင်းလိုင်းက Embraer 190 ခရီးသည်တင် လေယာဉ်ဟာ ကာဇက်စတန်နိုင်ငံ အက်ခ်တူအာမြို့အနီးမှာ ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ပျက်ကျခဲ့တာကြောင့် ခရီးသည် ၃၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ခရီးသည် ၆၂ ဦးနဲ့ လေယာဉ်အမှုထမ်း ငါးဦးကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ ကက်စပီယန်ပင်လယ်ရဲ့ တစ်ဘက်ခြမ်းက ကာဇက်စတန်ကမ်းစပ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်မပျက်ကျခင်မှာ ခရီးစဉ်ရဲ့ သတ်မှတ်လမ်းကြောင်းကနေ မိုင်ရာနဲ့ချီဝေးရာကို သိသိသာသာ လမ်းကြောင်းပြောင်း မောင်းနှင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ဘာကြောင့် လေယာဉ်ပျက်ကျရသလဲဆိုတာကို စုံစမ်းနေဆဲဖြစ်ပါတယ်။ ရုရှားလေကြောင်း စောင့်ကြည့်ရေးအဖွဲ့ကတော့ လေယာဉ်က သတ်မှတ်လမ်းကြောင်းကနေ ပြောင်းပြီးမောင်းနှင်ခဲ့တာဟာ ငှက်တွေကို ဝင်တိုက်မိတာကြောင့် ဖြစ်နိုင်တယ်လို့ ပြောဆိုပေမဲ့ လေကြောင်း ကျွမ်းကျင်သူတွေကတော့ အဲဒီရှင်းလင်းချက်ကို မေးခွန်းထုတ်ထားပါတယ်။
လေယာဉ်ဦးတည်ပျံသန်းနေတဲ့ ဂရော်ဇနီမြို့တည်ရှိရာ ချေချင်းညာဒေသကို ယူကရိန်းဘက်က အခုလအတွင်းမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလိုမျိုး လေယာဉ်ပျက်ကျမှု ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။
လေယာဉ်ရဲ့ မူလသတ်မှတ်လမ်းကြောင်းမှာရှိနေတဲ့ အနီးဆုံး ရုရှားလေဆိပ်ဟာလည်း ယမန်နေ့ မနက်ပိုင်းက ပိတ်ထားတယ်လို့ ဆိုပါတယ်။ အဇာဘိုင်ဂျန်သမ္မတ အီယမ်အလီယက်ဗ်ကတော့ ရရှိထားတဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ ရာသီဥတုဆိုးရွားတာကြောင့် လမ်းကြောင်းပြောင်းသွားခဲ့တယ်လို့ သိရပေမဲ့ ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးဘူးလို့ ပြောပါတယ်။
လေယာဉ်ပျက်ကျမှုမှာ ၂၉ ဦးကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပြီး အနီးနားက ဆေးရုံမှာ ကုသမှုတွေ ခံယူနေတယ်လို့လည်း ဆိုပါတယ်။
လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရာမှာ အထောက်အကူဖြစ်စေမဲ့ လေယာဉ်ပျံသန်းမှု အချက်အလက်တွေပါဝင်တဲ့ Black Box ကိုလည်း ရှာတွေ့ထားပြီလို့ သိရပါတယ်။ လေယာဉ်ပျက်ကျခဲ့ရာ နိုင်ငံဖြစ်တဲ့ ကာဇက်စတန်နဲ့ အဇာဘိုင်ဂျန်အာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးမှုတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေမပြီးမချင်း အဇာဘိုင်ဂျန်လေကြောင်းလိုင်းဟာ ဘာကူမြို့ကနေ ရုရှားနိုင်ငံ ချေချင်းညာဒေသကို ပျံသန်းပြေးဆွဲမယ့် ခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – REUTERS/Azamat Sarsenbayev
ပုံစာ – ကာဇက်စတန်နိုင်ငံ အက်ခ်တူအာမြို့အနီးက လေယာဉ်ပျက်ကျခဲ့ရာနေရာကို ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ မြင်ကွင်းများ
ကိုးကား- Reuters