ကြာသပတေးနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု
နည်းပြဘ၀မှာ ပထမဆုံးအကြိမ် ရင်ဆိုင်တွေ့မယ့် လမ်းပတ်နဲ့ ရွန်နီ
ခရစ္စမတ်နေ့အပြီး နောက်တစ်ရက်မှာ ကစားမယ့်ပွဲစဉ်တွေမှာတော့ တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ အကျော်အမော်တွေ ဖြစ်ခဲ့ကြတဲ့ ချဲလ်ဆီးဂန္ထဝင် ဖရန့်လမ်းပတ်ကိုင်တွယ်နေတဲ့ ကိုဗင်ထရီအသင်းဟာ မန်ယူဂန္ထဝင် ဝိန်းရွန်နီကိုင်တွယ်နေတဲ့ ပလိုင်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ ရှိနေပါတယ်။
လမ်းပတ်ရဲ့ ကိုဗင်ထရီအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၁၇ မှာ ရပ်တည်နေပြီး ရွန်နီရဲ့ ပလိုင်းမောက်ကတော့ အမှတ်ပေးဇယားရဲ့ အောက်ဆုံး အဆင့် ၂၄ မှာ ရပ်တည်နေပါတယ်။ လမ်းပတ်နဲ့ ရွန်နီတို့ဟာ ကစားသမားဘ၀မှာ ပြိုင်ဘက်အဖြစ် ၂၈ ကြိမ် ရင်ဆိုင်ခဲ့ကြပြီး လမ်းပတ်က ၁၂ ကြိမ်အနိုင်ရကာ၊ ရွန်နီက ၁၀ ကြိမ်အနိုင်ရပြီး ခြောက်ကြိမ်က သရေကျထားပါတယ်။
အတိတ်က ပရိသတ်အချစ်တော် ကစားသမားတွေ ဖြစ်ကြပေမဲ့ လက်ရှိ နည်းပြဘ၀မှာတော့ ရုန်းကန်နေရပြီး ပြိုင်ဘက်အဖြစ် ပထမဆုံးတွေ့ဆုံချိန်မှာ ဘယ်သူက အသာရသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
****************************************
ပစ်ဖိုဒ့်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ အဲဗာတန် ပြင်ဆင်ပြီ
အဲဗာတန်အသင်းဟာ သူတို့အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ ဂျော်ဒန် ပစ်ဖိုဒ့်ကို စာချုပ်သစ်ကမ်းလှမ်းဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်တဲ့ ပစ်ဖိုဒ့်ဟာ ဒီရာသီမှာ အထူးလက်စွမ်းပြနေသူဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ခြောက်ပွဲမှာ ငါးပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားတာဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ အဲဗာတန်ဟာ အာဆင်နယ်ကို အဝေးကွင်းမှာ ဂိုးမရှိသရေ၊ ချဲလ်ဆီးကို အိမ်ကွင်းမှာ ဂိုးမရှိသရေရအောင် ကစားနိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာ အသက် ၃၀ သာ ရှိသေးတဲ့ ပစ်ဖိုဒ့်ဟာ အဲဗာတန်နဲ့ ၂၀၂၇ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အဲဗာတန်အနေနဲ့ စာချုပ်သစ်နဲ့ ဆက်ထိန်းဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
****************************************
တိုက်စစ်ပိုင်းအတွက် ကိုလို မူအာနီကို ခေါ်ခွင့်ရှိနေတဲ့ အာဆင်နယ်
ဆာကာနဲ့ စတာလင်တို့ နှစ်ယောက်စလုံးကို ဆုံးရှုံးထားတဲ့ အာဆင်နယ်အသင်းဟာ ဇန်နဝါရီစျေးကွက်မှာတော့ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းမှုအဖြစ် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်သမား ကိုလို မူအာနီကို ခေါ်ခွင့်ရှိနေပါတယ်။ အသက် ၂၆ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် မူအာနီဟာ ပြီးခဲ့တဲ့ရာသီမှာ ဖရန့်ဖတ်ကနေ ပီအက်စ်ဂျီထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပေမဲ့ ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။
ဒီရာသီအစမှာတော့ အမ်ဘတ်ပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတာကြောင့် သူ့အတွက် ပွဲကစားခွင့်ပိုရလာမယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ ရာသီဝက် ကုန်ဆုံးခါနီးအချိန်ထိ လီဂူးဝမ်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဦးစားပေးပွဲထွက်ခွင့် နှစ်ကြိမ်သာ ရရှိထားပါတယ်။
ပီအက်စ်ဂျီကလည်း သင့်တော်တဲ့ကမ်းလှမ်းမှုရလာရင် အငှား သို့မဟုတ် အပြီးသတ် ထွက်ခွာခွင့် ပေးသွားမှာဖြစ်လို့ တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ အာဆင်နယ်အနေနဲ့ စဉ်းစားသင့်တယ်လို့ ဝေဖန်သုံးသပ်သူတွေက အကြံပြုထားကြပါတယ်။
****************************************
လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို့ ဂွာဒီယိုလာဝန်ခံ
မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူ့အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ကစားခွင့်နဲ့ လွဲချော်သွားနိုင်တယ်လို့ ဝန်ခံလိုက်ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၄ နှစ်ဆက်တိုက် ဝင်ကစားခွင့်ရထားတဲ့ အသင်းဖြစ်ပါတယ်။
အင်္ဂလန်ဘောလုံးသမိုင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်တိုက်ပါဝင်ကစားခွင့် အများဆုံးရထားတဲ့ အသင်းတွေကတော့ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဆက်တိုက်ကစားခွင့်ရခဲ့တဲ့ အာဆင်နယ်နဲ့ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၄ အထိ ဆက်တိုက်ကစားခွင့်ရခဲ့တဲ့ မန်ယူတို့သာ မန်စီးတီးထက် သာလွန်တဲ့ မှတ်တမ်းရှိထားတာပါ။
မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီးမှာ အမှတ်ပေးဇယား အဆင့်ခုနစ်အထိ ရောက်နေပြီး နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ နိုင်ပွဲ တစ်ပွဲတည်းသာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
****************************************
ဇန်နဝါရီစျေးကွက်မှာ ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်တယ်လို့ ပိုစတီကိုဂလူးဖွင့်ဟ
စပါးအသင်းရဲ့နည်းပြ ပိုစတီကိုဂလူးက ဇန်နဝါရီစျေးကွက်မှာတော့ အသင်းကို အင်အားဖြည့်တင်းမှုအဖြစ် ကစားသမားသစ်အချို့ ခေါ်ယူဖို့လိုအပ်နေတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ စပါးဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် လေးပွဲမှာ သုံးပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ရောက်ရှိသွားခဲ့ရပါတယ်။
စပါးရဲ့ခံစစ်ပိုင်းဟာ ယိုယွင်းနေခဲ့ပြီး အဓိကဂိုးသမား မိုဗီကာရီယိုနဲ့ အဓိကနောက်ခံလူတွေဖြစ်တဲ့ ရိုမဲယိုး၊ ဗန်ဒီဗန်တို့က ဒဏ်ရာပြဿနာကြောင့် အနားယူနေရတာပါ။
ဘောက်ဆင်ဒေးမှာ ကစားရမယ့် ဖောရက်စ်နဲ့ပွဲမတိုင်ခင်မှာတော့ ပိုစတီကိုဂလူးက “ကျွန်တော်တို့ အသင်းရဲ့ တချို့နေရာတွေက အားနည်းလွန်းနေပါတယ်။ ဇန်နဝါရီစျေးကွက်ဆိုတာ အားနည်းတဲ့နေရာတွေကို အားဖြည့်ဖို့ ပေးထားတာပါ။ ဒါကြောင့် အင်အားဖြည့်တင်းမှု လုပ်သွားရပါမယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။
စပါးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၁ အထိ ရောက်နေခဲ့ပေမယ့် ကရာဘောင်ဖလားမှာတော့ မန်ယူကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်ထားနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – Goal, Twitter