ရုရှားက မြောက်ကိုရီးယားစစ်သားတွေကို လာမယ့်ရက်ပိုင်းအတွင်း စစ်မြေပြင်မှာ အသုံးပြုတော့မယ်လို့ ဇလန်းစကီးပြော

Author အဂ္ဂ
Categories
Published on Oct 26, 2024

ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားကစေလွှတ်ထားတဲ့ စစ်သားတွေကို လာမယ့် အောက်တိုဘာ ၂၇ နဲ့ ၂၈ နေ့မှာပဲ စစ်မြေပြင်မှာ အသုံးပြုတော့မယ်ဆိုတာ ထောက်လှမ်းသိရှိခဲ့ရတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

 

ဒီလုပ်ရပ်ဟာ ရုရှားဘက်က စစ်ရေးအရှိန်တိုးမြှင့်လာတာ သိသာစေတဲ့အချက်ပဲလို့ ဇလန်းစကီးက သူ့ရဲ့ စစ်ဦးချုပ်ဆီက ထောက်လှမ်းရေး အစီရင်ခံစာရရှိပြီးနောက် လူမှုကွန်ရက် X ကနေ ပြောကြားလိုက်တာပါ။

 

ဒါပေမဲ့ မြောက်ကိုရီးယား စစ်သားတွေကို ဘယ်ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်သွားမလဲဆိုတာနဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ ဇလန်းစကီးက ရေးသားထားတာမတွေ့ရပါဘူး။

 

ယူကရိန်းစစ်ထောက်လှမ်းရေးကတော့ မြောက်ကိုရီးယားစစ်သားတွေကို ကာ့ရှ်ဒေသ စစ်မြေပြင်မှာ တွေ့ရှိထားတယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့ကတည်းက ထုတ်ဖော်ပြောဆိုထားပါတယ်။ ကာ့ရှ်ဒေသဟာ ဩဂုတ်လအတွင်းမှာ ယူကရိန်းဘက်က ရုရှားဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။

 

မြောက်ကိုရီးယားစစ်သား ၁၂,၀၀၀ ဝန်းကျင်၊ အရာရှိ ၅၀၀ နဲ့ ဗိုလ်ချုပ်ကြီး သုံးဦးတို့ ရုရှားဆီ ရောက်ရှိနေပြီး စစ်စခန်းငါးခုမှာ လေ့ကျင့်ရေးတွေ လုပ်ဆောင်နေတယ်လို့လည်း ယူကရိန်းစစ်ထောက်လှမ်းရေးဘက်က ထုတ်ပြောထားပါတယ်။

 

အမေရိကန်ပြည်ထောင်စုကလည်း မြောက်ကိုရီးယားစစ်သားတွေ ရုရှားမှာ ရောက်ရှိနေတဲ့ သက်သေတွေ ရထားတယ်လို့ ဆိုထားပြီး တောင်ကိုရီးယား လွှတ်တော်အမတ်တွေကလည်း မြောက်ကိုရီးယား စစ်သား ၃,၀၀၀ လောက်ဟာ ရုရှားမှာရောက်နေပြီး နောက်ထပ်လည်း ထပ်ရှိနိုင်သေးတယ်လို့ ဆိုထားပါတယ်။

 

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်ကတော့ ငြင်းဆိုခဲ့တာမရှိဘဲ ရုရှားနဲ့ မြောက်ကိုရီးယားကြား သဘောတူညီထားတဲ့ စာချုပ်ပါအချက်ဖြစ်တဲ့ ပြင်ပကျူးကျော်မှုတွေကို အတူတကွတွန်းလှန်ကြမယ်ဆိုတဲ့ လုပ်ဆောင်ချက်ကို ဆောင်ရွက်နေတာသာဖြစ်တယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြန်လည်ပြောဆိုခဲ့ပါတယ်။

 

ယူကရိန်းရဲ့ အနောက်နိုင်ငံမဟာမိတ်တွေကလည်း ယူကရိန်းအရေးထဲကို မြောက်ကိုရီးယားတို့ ပါဝင်လာတာဟာ အခြေအနေပိုမိုဆိုးရွားစေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဇလန်းစကီးကတော့ အဲဒီလို ပြောဆိုနေရုံနဲ့ မလုံလောက်သေးဘူးလို့ ပြောပါတယ်။

 

“စစ်ပွဲထဲကို မြောက်ကိုရီးယားက လက်တွေ့ပါဝင်လာတာဟာ လျစ်လျူရှုထားလို့ မရသလို သေချာရေရာမှု မရှိတဲ့ မှတ်ချက်တွေ ပေးနေရုံနဲ့ မရပါဘူး။ ပြုံယမ်း(မြောက်ကိုရီးယား)နဲ့ မော်စကို(ရုရှား) နှစ်ဖက်စလုံးကို ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်သင့်ပါတယ်” လို့ ဇလန်းစကီးက ပြောဆိုပါတယ်။

 

ယူကရိန်းအစိုးရရှေ့နေတွေကလည်း မြောက်ကိုရီးယားရဲ့ ရုရှားကို ကူညီထောက်ပံ့နေမှုဟာ ကျူးကျော်စစ်ဆိုင်ရာ ရာဇဝတ်မှု မြောက်နိုင်တာကြောင့် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ဇလန်းစကီးက ပြောပါတယ်။