ဥရောပထိပ်တန်းလိဂ်တွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

Author မောင်ရှမ်း
Categories
Published on Oct 26, 2024

မန်စီးတီး – ဆောက်သမ်တန် (စနေည ၈ နာရီခွဲ)

မန်စီးတီးအတွက်ကတော့ နိုင်ပွဲယူပြီး ဇယားထိပ်ကို တက်ရမယ့်ညပါ။ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်က အာဆင်နယ်ကွင်းကို သွားကစားရမယ့်အပတ်မျိုးမှာ ဂွာဒီယိုလာရဲ့အသင်းက အမှားလုပ်မှာမဟုတ်ပါဘူး။ ပိုပြီး သေချာသွားတာကတော့ ပြိုင်ဘက်က ဆောက်သမ်တန်ဖြစ်နေတာပါပဲ။ ဆောက်သမ်တန်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ရှစ်ပွဲကစားပြီးချိန်မှာ သရေ တစ်ပွဲနဲ့ ခုနစ်ပွဲအထိ ရှုံးထားတဲ့အသင်းပါ။ ဒီလိုခြေစွမ်းမျိုးနဲ့ အီတီဟတ်မှာ ဂိုးပြတ်မရှုံးဖို့ကိုပဲ ဦးတည်လာရမှာပါ။ ပရီးမီးယားလိဂ် သုံးပွဲဆက် ဂိုးပေါက်ပျောက်ထားတဲ့ ဟာလန်းရဲ့သွင်းဂိုးတွေကို ပြန်လည်မြင်တွေ့ရမှာပါ။ မန်စီးတီးရဲ့ အနိုင်ဟာ နှစ်ဂိုးနဲ့အထက် ဖြစ်ဖို့များပါတယ်။

ခန့်မှန်းချက် – မန်စီးတီး ၃-၀ ဆောက်သမ်တန်

ရီးရဲလ်မက်ဒရစ် – ဘာစီလိုနာ (တနင်္ဂနွေနံနက် ၁ နာရီခွဲ)

ပရိသတ်တွေအတွက်တော့ ဒီရာသီရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲကို ခံစားခွင့်ရမှာပါ။ ဘာစီလိုနာဟာ နည်းပြသစ် ဟန်ဆီဖလစ်ခ်ရဲ့လက်ထက်မှာ ပုံစံကောင်းရရှိနေတဲ့အသင်းဖြစ်ပြီး လာလီဂါ(၁၀)ပွဲကစားပြီးချိန်မှာ ကိုးပွဲအထိအနိုင်ရခဲ့ပြီး ဒုတိယနေရာက ရီးရဲလ်ကို သုံးမှတ်အသာရထားပါတယ်။ ဒီပွဲက ရီးရဲလ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပြီး သရေတစ်မှတ်ရရုံနဲ့ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်ခွင့်ရမှာပါ။

ပြီးခဲ့တဲ့ကြားရက်က ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မွန်ကို နှစ်ဂိုးအရှုံးကနေ ငါးဂိုးလိုက်သွင်းပြထားသလို ဘာစီလိုနာကလည်း ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်အနိုင်ယူထားပါတယ်။ ဒေါ့မွန်ကို ဟက်ထရစ်သွင်းခဲ့တဲ့ ဗင်နီရှပ်နဲ့ ဘိုင်ယန်မြူးနစ်ကို ဟက်ထရစ်သွင်းခဲ့သူ ရာဖင်ညာတို့လို ဘရာဇီးလ်ကြယ်ပွင့်တွေရဲ့ တိုက်စစ်အားပြိုင်မှုကိုလည်း မြင်တွေ့ရမှာပါ။

ခြေစွမ်းပိုင်းအရ နှစ်သင်းလုံးဟာ အကောင်းဆုံးပုံစံမှာရှိနေပြီး အန်ဆယ်လော့တီနဲ့ ဟန်ဆီဖလစ်ခ်တို့ရဲ့ နည်းဗျူဟာ အားပြိုင်မှုကိုလည်း စိတ်ဝင်စားဖွယ်မြင်တွေ့ရဖို့ ရှိနေပါတယ်။ အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ ရှိနေပြီး အမှတ်ခွဲယူကြမယ့်ပွဲမျိုးလည်း ဖြစ်ပါတယ်။

ခန့်မှန်းချက် – ရီးရဲလ်မက်ဒရစ် ၁-၁ ဘာစီလိုနာ

အာဆင်နယ် – လီဗာပူးလ် (တနင်္ဂနွေည ၁၁ နာရီ)

အာဆင်နယ်အတွက်တော့ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ပွဲစဉ်ပါ။ ခံစစ်ပိုင်းမှာ ဒဏ်ရာရကစားသမားတွေများပြားနေသလို အဓိက ကစားသမား ဆာကာကလည်း ပြန်ကစားနိုင်ဖို့ မရေရာတဲ့အခြေအနေမှာရှိနေပါတယ်။ ဒါ့အပြင် ဘုန်းမောက်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ဒီပွဲမှာသာ ဆက်ပြီး ခြေချော်ခဲ့မယ်ဆိုရင် ချန်ပီယံစိန်ခေါ်နိုင်တဲ့လမ်းကြောင်းကနေ သွေဖယ်သွားတော့မှာလည်းဖြစ်ပါတယ်။

လီဗာပူးလ်ကတော့ ပြိုင်ပွဲစုံနောက်ဆုံး ငါးပွဲဆက် အနိုင်ရရှိထားပြီး အာနေးစလော့ရဲ့လက်အောက်မှာ အကောင်းဆုံးပုံစံတစ်ရပ်ကို ပြသထားနိုင်တာပါ။ လီဗာပူးလ်အနေနဲ့ ဒီပွဲကို အနိုင်ရမှသာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခွင့်ရမှာဖြစ်ပြီး အမ်းမရိတ်မှာ နိုင်ပွဲရအောင် ရုန်းကစားလာမှာသေချာပါတယ်။ ချီးကျူးရမှာကတော့ လီဗာပူးလ်ခံစစ်ကြောင်းပါ။ ရှစ်ပွဲကစားပြီးချိန်မှာ သုံးဂိုးသာ ခွင့်ပြုထားရပြီး သူတို့ရဲ့ မာကျောမှုကို ပြသထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဘက်မှာ ဆလီဘာ၊ ကာလာဖီအိုရီ၊ အိုဒီဂတ်တို့ ပါဝင်နိုင်မှာမဟုတ်သလို လီဗာပူးလ်မှာလည်း ဂိုးသမား အယ်လစ်ဆန်နဲ့ တိုက်စစ်သမား ဂျိုတာက ဒီပွဲကိုလွဲမှာဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ အားပြိုင်မှုတွေမှာ သွင်းဂိုးတွေမြင်တွေ့ရလေ့ရှိပြီး ပရိသတ်အကြိုက်ကစားလေ့ရှိတဲ့အသင်းတွေဖြစ်လို့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အမှတ်ခွဲယူကြဖို့ များနေပါတယ်။

ခန့်မှန်းချက် – အာဆင်နယ် ၁-၁ လီဗာပူးလ်

ဝက်စ်ဟမ်း – မန်ယူ (တနင်္ဂနွေည ၈ နာရီခွဲ)

ဝက်စ်ဟမ်းကလည်း ဒီရာသီ ပုံစံပျက်နေတဲ့အသင်းထဲမှာပါဝင်နေပြီး အဆင့်ရပ်တည်မှုမှာလည်း မန်ယူနဲ့ မတိမ်းမယိမ်းအနေအထားမှာ ရှိနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ တန်းတက် အစ်ဆွစ်ချ်ကို အနိုင်ရခဲ့တာကလွဲရင် ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ စပါးတို့ကို ဂိုးပြတ်တွေချည်း ရှုံးထားတဲ့အသင်းဖြစ်ပါတယ်။

မန်ယူကလည်း ယိုင်နဲ့နေတဲ့အသင်းပါ။ နည်းပြ အဲရစ်တန်ဟက်နဲ့ ခရီးဆက်ဖို့ ဆုံးဖြတ်ခဲ့သလို ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကို အဝတ်လဲခန်းထဲ ဝင်ခွင့်ပိတ်ခဲ့တာမျိုး လုပ်ခဲ့ပေမဲ့ အသင်းရဲ့ရလဒ်တွေကတော့ ပြောင်းလဲလာတာမရှိပါဘူး။ နောက်ဆုံးကစားထားတဲ့ ငါးပွဲမှာ နိုင်ပွဲဆိုလို့ ဘရန့်ဖိုဒ့်ကို နိုင်ခဲ့တဲ့ တစ်ပွဲပဲ ရှိပါတယ်။

လက်ရှိအနေအထားနဲ့ ခြေစွမ်းပိုင်းအရ ဘယ်အသင်းကမှ အသာရနေတာမျိုးမဟုတ်ပေမဲ့ မန်ယူသာ အမှန်တကယ် အားထည့်ကစားမယ်ဆိုရင် ဝက်စ်ဟမ်းကို အသာရနိုင်ပါတယ်။ ယူရိုပါလိဂ်မှာလည်း နိုင်ပွဲပျောက်လာတဲ့ မန်ယူအတွက်တော့ ဒီပွဲကို အနိုင်ရဖို့ အားထည့်လာမှာသေချာပါတယ်။ အသည်းအသန် ရုန်းကန်ရင်း အဝေးကွင်းမှာ မန်ယူတို့ အောင်ပွဲခံနိုင်မှာပါ။

ခန့်မှန်းချက် – ဝက်စ်ဟမ်း ၁-၂ မန်ယူ

မာဆေးလ် – ပီအက်စ်ဂျီ (တနင်္လာနံနက် ၂ နာရီ ၁၅ မိနစ်)

မာဆေးလ်ကတော့ ဒီရာသီမှာ ပြောင်းလဲမှုတွေ အကြီးအကျယ်လုပ်ထားတဲ့အသင်းဖြစ်သလို ပုံစံကောင်းတွေလည်း ပြသထားနိုင်ပါတယ်။ ကွင်းလယ်မှာ အလွတ်နဲ့ခေါ်ယူထားတဲ့ ဂျူဗင်တပ်စ်ကစားသမားဟောင်း ရာဘီယော့ရှိနေသလို တိုက်စစ်ပိုင်းမှာလည်း မန်ယူကနေ ခေါ်ယူထားတဲ့ ဂရင်း၀ုဒ်က အထူးခြေစွမ်းပြကစားနေပြီး လိဂ်သွင်းဂိုး ခြောက်ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ရှစ်ပွဲကစားပြီးချိန်မှာ မာဆေးလ်ဟာ ရမှတ် ၁၇ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားဦးဆောင်သူ ပီအက်စ်ဂျီနဲ့ သုံးမှတ်အကွာ တတိယနေရာမှာရှိနေတာပါ။

ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ် နှစ်ပွဲဆက် ရလဒ်ဆိုးခဲ့တာကို ချေဖျက်နိုင်ဖို့အတွက် ဒီလိုပွဲမျိုးကို အနိုင်ရဖို့ အားထုတ်လာမှာပါ။ ဒါပေမဲ့ ပီအက်စ်ဂျီမှာ အမ်ဘတ်ပေထွက်သွားပြီးနောက်ပိုင်း ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားမျိုး မရှိသေးပါဘူး။ ဒါကြောင့် ပြင်သစ်လိဂ်မှာ ဦးဆောင်နေတယ်ဆိုပေမဲ့ ချန်ပီယံလိဂ်မှာ ရုန်းနေရတာပါ။ မာဆေးလ်ကွင်းမှာ သွားကစားရမှာဖြစ်လို့ ပီအက်စ်ဂျီအတွက် ခက်ခဲဦးမှာသေချာပါတယ်။

အိမ်ရှင်မာဆေးလ်ကတော့ ဒီပွဲမှာ ပီအက်စ်ဂျီဆီကနေ အမှတ်ခွဲယူနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ သရေကျသွားရင်လည်း အံ့ဩစရာမရှိပါဘူး။

ခန့်မှန်းချက် – မာဆေးလ် ၀-၀ ပီအက်စ်ဂျီ