“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဇန်နဝါရီ ၂၀ ရက်ကနေ ၂၅ ရက်နေ့အထိ)

“တစ်လီတာကို ၁၆၀ ကျပ်အထိထပ်တက်တဲ့ စက်သုံးဆီ”
RON-68 ဆိုပြီး စစ်ကောင်စီက ဓာတ်ဆီတွေ ထုတ်ရောင်းနေပေမဲ့ စက်သုံးဆီ တစ်လီတာကို ၁၆၀ ကျပ်အထိ ထပ်မံမြင့်တက်လာပါတယ်။
ဒီဇယ်ဆီဈေးဟာ ဒီနှစ် ဇန်နဝါရီ သုံးပတ်ဆက် တစ်လီတာ ၁၀၀ ကျော် ဆက်လက်မြင့်တက်လာတာ ဖြစ်ပါတယ်။
အခုရက်သတ္တပတ်အတွင်း ရိုးရိုးဒီဇယ်တစ်လီတာကို ၁၂၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၁၆၀ ကျပ်အထိထပ်မံမြင့်တက်လာတဲ့အပြင် ပြီးခဲ့တဲ့အပတ်က အမြင့်ဈေးမှာငြိမ်နေတဲ့ အောက်တိန်း 92 တစ်လီတာကို ၅၅ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၆၀ ကျပ်မြင့်တက်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကစပြီး စစ်ကောင်စီ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ရောင်းချပေးနေတဲ့ ပြည်တွင်းထုတ် RON-68 ဓာတ်ဆီတွေကို ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တွေအပြင် ဒီတစ်ပတ် ဇန်နဝါရီ ၂၅ ရက်နေ့ကစတင်ပြီး စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနတွေနဲ့ စည်ပင်သာယာရေးဌာနပိုင် မော်တော်ယာဉ်တွေအတွက် ရောင်းချပေးသွားမယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အဲဒီဓာတ်ဆီတွေကို နိုင်ငံပိုင်ဖြစ်တဲ့ နေပြည်တော်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးက ဓာတ်ဆီအရောင်းဆိုင် တစ်ဆိုင်နဲ့ မန္တလေးတိုင်းထဲက ဓာတ်ဆီအရောင်းဆိုင် ၂ ဆိုင်တို့မှာ RON-68 ဓာတ်ဆီ တစ်လီတာကို ၂၂၀၀ စျေးနဲ့ ဆိုင်ကယ်နဲ့ သုံးဘီးယာဉ်တွေကို ရောင်းချပေးနေတာဖြစ်ပါတယ်။
ဒါပေမဲ့ စက်ပိုင်းဆိုင်ရာကျွမ်းကျင်သူတွေကတော့ အဲဒီဓာတ်ဆီတွေကို မသုံးသင့်ဘူးလို့ အကြံပြုထားပါတယ်။
ဒီလိုစစ်ကောင်စီက ရောင်းချပေးနေပေမဲ့လည်း ပြည်ပကနေတင်သွင်းတဲ့ဆီတွေဝယ်ယူရ ပြန်လည်ခက်ခဲနေတယ်လို့ ရန်ကုန်မြို့က ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။
ဒီတစ်ပတ် စနေနေ့ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၈၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၅၂၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၁၃၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
Source – Myanmar Market Price