ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (ဇန်နဝါရီ ၂၀ ရက်ကနေ ၂၅ ရက်နေ့အထိ)
ဒီတစ်ပတ် (ဇန်နဝါရီ ၂၀ ရက်ကနေ ၂၅ ရက်နေ့အထိ)အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ အနည်းငယ်လျော့ပါးခဲ့ပါတယ်။ အထူးခြားဆုံးကတော့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် အပစ်ရပ်လိုက်တာ၊ စစ်မှုထမ်းနည်းဥပဒေအတည်ပြုထုတ်ပြန်တာ၊ AA ရဲ့ ဖွင့်ဟဝန်ခံချက်များ၊ အဆိုကျော် မာရဇ္ဇကွယ်လွန်တဲ့သတင်းနဲ့ အမေရိကန်သမ္မတအဖြစ် ထရမ့်တက်လာပြီးနောက် မြန်မာတွေအပေါ်ရိုက်ခတ်လာမှုတွေအကြောင်းတွေနဲ့အတူ တစ်ပတ်အတွင်းအထူးခြားဆုံးနဲ့ လူထုစိတ်ဝင်စားမှုရှိခဲ့တဲ့ ပြည်တွင်းသတင်းတွေကို စုစည်းဖော်ပြထားပါတယ်။
“လူငယ်လူရွယ်အားလုံးပြည်ပထွက်ခွင့်ပိတ်လိုက်တဲ့ စစ်မှုထမ်းနည်းဥပဒေပြဌာန်း”
သတ်မှတ်စစ်မှုထမ်းဝင် လူငယ်လူရွယ်အားလုံး စစ်ကောင်စီခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့်ပိတ်ခံရမယ့် စစ်မှုမထမ်းမနေရဥပဒေကနေ နည်းဥပဒေအဖြစ် ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီ ၂၃ ရက်နေ့မှာ စစ်ကောင်စီက ပြဌာန်းလိုက်ပါတယ်။
အဲဒီနည်းဥပဒေအရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက်အရွယ်အားလုံး မဖြစ်မနေ စာရင်းသွင်းမှတ်ပုံတင်ရတော့မှာဖြစ်ပါတယ်။
ဥပဒေသဘောတရားအရ နည်းဥပဒေပြဌာန်းလိုက်ပြီဖြစ်တာကြောင့် အရေးယူမှုတွေ စတင်အသက်ဝင်ပြီဖြစ်ပေမဲ့ အခုနည်းဥပဒေဟာ လွှတ်တော်ကနေ ဆွေးနွေးအတည်ပြုလာတာမျိုးတော့မဟုတ်ပါဘူး။
ဒီဥပဒေထဲက အဓိကအချက်တွေကတော့ အခန်း ၁၀ အထွေထွေပြဋ္ဌာန်းချက်ရဲ့ ပုဒ်မ ၅၀ မှာ ဆေးစစ်အောင်မြင်ပြီးသူအနေနဲ့ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုဖို့ဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်းရမယ့် ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးဖို့ဖြစ်စေ၊
သီးခြားဖော်ပြထားတဲ့ကာလအပိုင်းအခြားတစ်ခုအထိ ရွှေ့ ဆိုင်းဖို့ဖြစ်စေ လျှောက်ထားခဲ့ပါက အဲဒီလျှောက်ထားမှုအပေါ် ဗဟိုအဖွဲ့ဆီက ခွင့်ပြုမိန့်မရမီ ပြည်ပနိုင်ငံကို ထွက်ခွာခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။
အဲဒီနောက် ပုဒ်မ ၅၁ မှာ စစ်မှုထမ်းဖို့ အမိန့်စာရရှိသူဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ပြည်ပနိုင်ငံတွေဆီ ထွက်ခွာခွင့်မရှိစေရလို့ ဆက်လက်ပြဋ္ဌာန်းထားပါတယ်။
အဲဒီလိုပဲ ပုဒ်မ ၅၂ ပြဋ္ဌာန်းချက်မှာ ပုဒ်မ ၅၀ ၊ ၅၁ တို့မှာ အကျုံးဝင်သူတွေရဲ့စာရင်းကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေဆီ ပေးပို့ရမှာဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
ပုဒ်မ ၃၃ အရ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်/ကျေးရွာတွေအတွင်း စစ်မှုထမ်းအရွယ်များကို စာရင်းကောက်ပြီးနောက် မြို့နယ်အဆင့်မှာ စုစည်းပြီး ဆေးစစ်မှာဖြစ်ပါတယ်။ လတ်တလောမှာလည်း ရန်ကုန်၊ မန္တလေးအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးတဲ့ မြို့ကြီးတွေမှာ စာရင်းကောက်ခံနေပြီလို့ သတင်းတွေအရ သိရပါတယ်။
အခန်း ၉ ၊ စစ်စည်းရုံးခြင်း ပုဒ်မ ၄၉ မှာတော့ နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အရေးပေါ်အခြေအနေပေါ်ပေါက်ပြီး တစ်နိုင်ငံလုံးမှာ အရွယ်ရောက်သူအားလုံးကို စစ်မှုထမ်းဖို့ စစ်စည်းရုံးခြင်းအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
တဖန် ပုဒ်မ ၅၉ မှာတော့ စစ်မှုထမ်းဥပဒေကို လူထုကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ အခြေခံပညာကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းပို့ချရမယ်လို့လည်း ဖော်ပြထားပါတယ်။
လတ်တလော စစ်ကောင်စီထုတ်ပြန်ထားချက်အရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိနေပါတယ်။
၂၀၂၄ မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းက အတည်ပြုခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေကို ၂ နှစ်အထိ စစ်မှုထမ်းရမယ်လို့ သတ်မှတ်ပြဌာန်းထားပါတယ်။ စစ်ကောင်စီတပ်က လိုအပ်ရင်တော့ ၅ နှစ်အထိ စစ်မှုထမ်းပေးရမှာဖြစ်ပါတယ်။
သက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ရပ်ရပ်တတ်မြောက်သူဖြစ်ပါက အသက် ၁၈ ကနေ ၄၅ နှစ်အတွင်း အမျိုးသားနဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း စစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။
အမျိုးသားတွေအနေနဲ့ စစ်မှုထမ်းဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။ စစ်မှုထမ်းတိမ်းရှောင်ဖို့ကြံစည်ရင် ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရသလို စစ်မှုထမ်းဖို့ ပျက်ကွက်သူ၊ တိမ်းရှောင်ဖို့ ကြိုးစားသူကိုကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်တယ်လို့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
****************************************
“တရုတ်ရှိနေတဲ့ စစ်ကောင်စီနဲ့ မလွန်ဆန့်နိုင်သူ ကိုးကန့်တပ်တို့ အပစ်ရပ်”
တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ စစ်ကောင်စီဘက်က ပြတ်ပြတ်သားသားရပ်တည်လိုက်ပြီးနောက် အသာရနေတဲ့ တော်လှန်ရေးတပ်တွေကို ငြိမ်းချမ်းရေးလုပ်ဖို့ တောက်လျှောက်ဖိအားပေးလုပ်ဆောင်ခဲ့ကြပါတယ်။
သူ့စကားနားမထောင်သူတွေကို ဖြတ်ငါးဖြတ်ထက်ဆိုးတဲ့ အကျိုးစီးပွားယုတ်လျော့စေမယ့်အရာမှန်သမျှကို ဖြတ်တောက်ခြင်းနဲ့ ဒဏ်ခတ်ခဲ့ပါတယ်။
ဒါကြောင့် မလွန်ဆန်နိုင်တော့တဲ့ ကိုးကန့်တပ် MNDAA ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ(လားရှိုး)ကိုသိမ်းပိုက်ပြီးနောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာလအတွင်း တရုတ်သဘောအတိုင်း အပစ်ရပ်ပြီး နိုင်ငံရေးနည်းနဲ့ဆွေးနွေးမယ်လို့ နှစ်ကြိမ်တိုင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ပထမအကြိမ်ဆွေးနွေးမှုအဖြစ် ဒီဇင်ဘာ ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ကြားတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ နှစ်ဖက်အခြေအတင်ဖြစ်ခဲ့ကြရုံကလွဲပြီး ဘာသဘောတူညီချက်မျှ မရရှိခဲ့ကြပါဘူး။
တစ်လအကြာ ဇန်နဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ဒုတိယအကြိမ်အဖြစ် ကူမင်းမြို့မှာပဲ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲရလဒ်ကို စစ်ကောင်စီနဲ့ ကိုးကန့်တပ် နှစ်ခုစလုံးကို ရေငုံနှုတ်ပိတ်နေခဲ့ပေမဲ့ ဆွေးနွေးပွဲအပြီး လေးရက်အကြာ ဒီတစ်ပတ် တနင်္လာနေ့၊ ဇန်နဝါရီ ၂၀ ရက်မှာတော့ အပစ်ရပ်သဘောတူညီမှုရသွားပြီဖြစ်တဲ့အကြောင်း တရုတ်ဘက်က ထုတ်ပြောခဲ့တာဖြစ်ပါတယ်။
တရုတ်အစိုးရပြောခွင့်ရသူဖြစ်တဲ့ မစ္စစ် မော်နင်းက ပုံမှန်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့တာပါ။ အပစ်ရပ်ဖို့ကူညီပေးလို့ နှစ်ဖက်စလုံးက တရုတ်အစိုးရ ကျေးဇူးတင်တဲ့အကြောင်းပြောတယ်လို့လည်း ပြောသွားပါသေးတယ်။
ဒါပေမဲ့အသေးစိတ်ကိုတော့ ထည့်သွင်းပြောကြားသွားတာမျိုးရှိပါဘူး။ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဘက်ကလည်း စနေနေ့အထိ ဘာမှထုတ်ပြောလာတာမရှိသေးပါဘူး။
အဲဒီလို သဘောတူညီမှုရအပြီး တနင်္လာနေ့မှာပဲ တရုတ်ဘက်က မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေအပါအဝင် တရုတ်ထိန်းချုပ်ထားတဲ့ ‘ဝ’ ပြည်-ကိုးကန့်ဒေသ ကုန်သွယ်ခွင့်ကိုလည်း ပြန်ဖွင့်ပေးခဲ့ပါတယ်။
အဲဒီနောက် မြန်မာနောင်းမ်သတင်းမှာတော့ လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေအနေနဲ့ ဒီနှစ် ဇွန်လကစတင်ပြီး တဖြည်းဖြည်းဆုတ်ခွာပေးရမယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
****************************************
“ထရမ့်တက်လာပြီးနောက် ဒုက္ခတွေ့ကြသူများ”
အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက်သမ္မတအဖြစ် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာရွေးကောက်ပွဲနိုင် ဒေါ်နယ်ထရမ့်က ဒီတစ်ပတ် တနင်္လာနေ့၊ ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာကြိမ်ဆိုပွဲနဲ့ ရာထူးအပ်နှင်းပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် ပထမဆုံး သူသမ္မတတာဝန်ရယူစယူတဲ့နေ့မှာပဲ အမိန့်များစွာကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတဝန်းအပေါ် သက်ရောက်မှုကြီးမားခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် သူစတင်တက်လာတဲ့ တနင်္လာနေ့မှာပဲ ကမ္ဘာတဝှမ်းရှိ နိုင်ငံခြားအကူအညီအားလုံးနီးပါးကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကမ္ဘာတဝှမ်းရှိ အစီအစဉ်များအတွက် အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID)တို့ကနေ ရန်ပုံငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ဆိုင်းငံ့ထားဖို့ ညွှန်ကြားချက်ကို အမေရိကန်သံရုံးတွေဆီပေးပို့ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာအပါအဝင် အာဖရန်နစ္စတန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗင်နီဇွဲလား၊ ဆီးရီးယားနိုင်ငံသား တစ်သောင်းဝန်းကျင်ရဲ့ အမေရိကဆီ သွားရောက်မယ့် ဒုက္ခသည်ဆိုင်ရာလေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းခံလိုက်ရပါတယ်။
အလားတူ ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချခွင့်ပေးတဲ့ USRAP အစီအစဉ်ကိုလည်း ချက်ချင်းရပ်လိုက်တဲ့အတွက် ထိုင်းနိုင်ငံ၊ အုန်းဖြန့်ဒုက္ခသည်စခန်းနဲ့ မလေးရှားက ချင်းဒုက္ခသည်တွေ ခရီးစဉ်ဖျက်သိမ်းခံခဲ့ရပါတယ်။ မြန်မာနိုင်ငံသား စုစုပေါင်း ရာနဲ့ချီရှိနိုင်တယ်လို့ သတင်းတွေအရ သိရပါတယ်။
ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း ထွက်မှာကိုလည်း အတည်ပြုလိုက်တဲ့အတွက် WHO က ကမ္ဘာ့ရေးကျန်းမာရေးကဏ္ဍကို အကျိုးသက်ရောက်မှုရှိစေမယ်လို့ ပြောထားပါတယ်။
အဲဒီလိုပဲ အမေရိကဆီ တင်သွင်းတဲ့ တရုတ်ကုန်စည်တွေကို အခွန် ၁၀ ရာခိုင်နှုန်းကနေ နောက်ပိုင်းမှာ ၆၀ ရခိုင်နှုန်းအထိ တိုးကောက်မယ်လို့ ထရမ့်က ပြောထားပါသေးတယ်။
ဒါကြောင့် ဒေါ်နယ် ထရမ့် အမေရိကန်သမ္မတဖြစ်လာပြီးနောက် သူ့ရဲ့အဓိကရွေးကောက်ပွဲကတိဖြစ်တဲ့ “အမေရိကသာ ပထမ” ဆိုတာကို အရှိန်ပြင်းပြင်းနဲ့ အကောင်အထည်ဖော်နေပေမဲ့ ထိပ်တိုက်တွေ့မှုတွေရှိလာနိုင်တယ်လို့ အကဲခပ်တွေက သုံးသပ်ပြောကြားနေကြပါတယ်။
****************************************
“AA ဖွင့်ဟဝန်ခံချက်များ”
အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ ရုပ်သံမှတ်တမ်းနှစ်ခုကို ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နဲ့ ဒီနှစ် ဇန်နဝါရီလ ၁၉ ရက်တွေမှာ လက်ခံရရှိခဲ့တယ်လို့ ဒီတစ်ပတ် ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီရုပ်သံထဲ AA တပ်ဖွဲ့ဝင် ဝတ်စုံဝတ်သူတွေနဲ့အတူ အရပ်ဝတ် (၁၀)ဦးထက်မနည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်လို့ယူဆရသူ နှစ်ဦးကို ပြစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောထားပါတယ်။ သူတို့နှစ်ဦးဟာ ရုပ်သံအဆုံးအထိ သေဆုံးတာမရှိသေးပေမဲ့ အသက်ရှင်ဖွယ်မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့ဘက်က ကောက်ချက်ချထားပါတယ်။
အဲဒီနောက် ရခိုင်တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတချို့ကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တချို့က စိတ်ခံစားချက်အရ သတ်ဖြတ်မှုတွေရှိခဲ့သလို မျိုးနွယ်စုတချို့ကို စစ်သားအဖြစ်စုဆောင်းခဲ့တဲ့အကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက CJ Platform အပါအဝင် လွတ်လပ်တဲ့မီဒီယာတွေကို နောက်တစ်ရက်မှာပဲ ဝန်ခံပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီ ၇ ရက်က ပြစ်မှုကျူးလွန်မှုကို ကျောက်တော်အခြေစိုက် စကခ-၉ ဌာနချုပ်ကို ထိုးစစ်ဆင်သိမ်းပိုက်ချိန်အတွင်း ပြုလုပ်ခဲ့တာလို့ သူက ပြောပါတယ်။
ဦးခိုင်သုခက “သူတို့ မိသားစုဝင်တွေကို မတရားဖမ်းဆီးသတ်ဖြတ်ထားတဲ့ မြန်မာအကြမ်းဖက်စစ်သားတွေကို သူတို့ဖမ်းမိတဲ့အချိန်မှာ ဒေသခံပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲနဲ့ အခုလိုမျိုး လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက် ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
သတ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့ အောက်ခြေတပ်မှူးတချို့နဲ့ ပါဝင်သူအားလုံးကို ဖော်ထုတ်ပြီး အရေးယူ အပြစ်ပေးထားပြီးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
AA တပ်ဖွဲ့ဝင်တချို့က စစ်ကောင်စီတပ်သားတွေကို သတ်ဖြတ်နေတဲ့ ရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အွန်လိုင်းပေါ် ပျံ့နှံလာခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)အနေနဲ့ ရခိုင်ပြည်အတွင်းမှာ AA အနေနဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ Fortify Right က တိုက်တွန်းတောင်းဆိုထားပါတယ်။
ဦးခိုင်သုခက “ကျူးလွန်သူဟူသမျှကိုလည်း အရေးယူအပြစ်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုမျိုးကိစ္စမျိုး နောက်ထပ်မဖြစ်အောင် အကောင်းဆုံး ထိန်းကျောင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။
တဖန် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ရှိ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက ဒိုင်းနက်နဲ့ မြိုလူမျိုးစုတွေကို ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်အရ စစ်သင်တန်းပေးဖို့ ခေါ်ဆောင်ထားတယ်လို့ AA ပြောခွင့်ရသူက ပြောပါတယ်။
မျိုးနွယ်စုတွေကို စစ်သင်တန်းပေးခြင်းဟာ ဒေသခံတွေရဲ့ အသက်အန္တရယ်လုံခြုံရေးအတွက် လိုအပ်လို့ လုပ်ပေးနေတာဖြစ်တယ်လို့ AA ပြောခွင့်ရသူက CJ Platform ကို ပြောပါတယ်။
AA တပ်ဖွဲ့ဝင်တချို့ဟာ မောင်တောမြို့က မြိုလူမျိုးတွေကို အိမ်ပေါ်ထိတက်ရောက် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အဲဒီဒေသခံ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
AA ဟာ တစ်နှစ်ကျော်ကာလအတွင်း ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်အတွင်း ၁၄ မြို့နယ်အထိ သိမ်းပိုက်ရရှိထားပါတယ်။
****************************************
“အဆိုတော်ထက်ပိုတဲ့ မာရဇ္ဇကွယ်လွန်”
ရော့ခ် အဆိုကျော် မာရဇ္ဇဟာ ဇန်နဝါရီ ၂၃ ရက် ညပိုင်းမှာ နာတာရှည်ကျောက်ကပ်ရောဂါနဲ့ ရန်ကုန်မြို့၊ ဗဟိုရ်စည်ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
မကွေးတိုင်း၊ အထက်မင်းလှဇာတိသား ကိုသိန်းဇော် ခေါ် မာရဇ္ဇ ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်မှာကွယ်ခဲ့တာပါ။ သူ့ရဲ့ဈာပနကို ဇန်နဝါရီ ၂၅ ရက်၊ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာပြုလုပ်ခဲ့ပါတယ်။ လက်ရှိပြည်တွင်းမှာရှိနေတဲ့ ဂီတအသိုင်းအဝိုင်းနဲ့အတူ သူ့ရဲ့ပရိသတ်တွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
သူကွယ်လွန်တာနဲ့ပတ်သက်ပြီး ဂီတအသိုင်းအဝိုင်းက ဝမ်းနည်းကြောင်းထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
တေးစီးရီးပေါင်းများစွာစီစဥ်ထုတ်လုပ်ခဲ့သူဖြစ်သလို ဒီဇိုင်းမျိုးဆွေသန်းအဖြစ်ထင်ရှားတဲ့ ဦးမျိုးဆွေသန်းကလည်း မာရဇ္ဇကွယ်လွန်သွားတဲ့အပေါ် “တစ်ခရီးထဲသွားခဲ့ကြပြီး အလုပ်တွေများစွာ အတူလုပ်ခဲ့ကြတဲ့ ချစ်ခင်ရတဲ့ မာရဇ္ဇ(မာကြီး)ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပြီး အလွန်စိတ်ထိခိုက်ရပါတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်ကတစ်ဆင့် မှတ်ချက်ပြုထားပါတယ်။
တေးသံရှင် အာဇာနည်ကလည်း “ကိုမာကြီးရေ စိတ်မကောင်းဘူးဗျာ။ ကောင်းရာသုဂတိလားပါစေဗျာ။ အေးချမ်းပါစေဗျာ” လို့ သူ့ရဲ့လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားထားပါတယ်။
နိုင်ငံကျော် အဆိုတော် မာရဇ္ဇဟာ ကိုယ်ပိုင်သံစဉ်သီချင်းတွေ ရေးသား/သီဆိုခဲ့တဲ့အပြင် ပြန်ဆိုတေးတွေနဲ့လည်း အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပါတယ်။
ဂီတပညာရှင်ရဲ့ ‘ဆံပင်ရှည်ရှည်အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး အိန္ဒြေရှင်မင်းရဲ့အလှထူးခြားလွန်းလို့’ ဆိုတဲ့စာသားပါ ဆွဲအားသီချင်းဟာ လက်ရှိလူငယ်/လူလတ်ပိုင်း အမျိုးသားထုကြား အလွန်ကျော်ကြားခဲ့ပြီး မျှော်လင့်ခြင်းလမင်း၊ ဝေးဝေးကလွမ်း၊ အလွမ်းမိတ်ဆွေ၊ ရွှေရောင်ကောင်းကင် စတဲ့သီချင်းတွေဟာလည်း အလွန်ကျော်ကြားပါတယ်။
အဲဒီလိုပဲ အဆိုတော် အက်စ်ကဲနက်ရဲ့ ရင်သို့တိုးဝှေ့ဆဲပါခိုင်၊ အဆိုတော် မင်းအောင်ရဲ့ အနိုင်မယူသူအရှုံးနဲ့ အဆိုတော် လွှမ်းမိုးရဲ့ ဟင်္သာတို့ရဲ့နန်းတော်ရှေ့ စတဲ့ပြန်ဆိုတေးတွေဟာလည်း ပရိသတ်အားပေးမှုရစေခဲ့ပါတယ်။