မိုးကုတ်မြို့က အတွဲလိုက်ဒုံးတွေအပါအဝင် လက်နက် ၂၀၀ ကျော်နဲ့ စစ်သုံ့ပန်း ၃၀ ကျော်ရ ဒေသခံ ၃၀ ကျော်သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Jul 25, 2024

မြို့ခံများဝမ်းပန်းတသာကြိုခဲ့ကြတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲထဲက တအာင်းတပ် TNLA နဲ့ PDF ပူးပေါင်းတပ်တို့ ရရှိခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဒီကနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

 

တိုက်ပွဲကာလအတွင်း အတွဲလိုက်ပစ်ဒုံး တစ်လက်အပါအဝင် လက်နက်မျိုးစုံ ၇၃ လက်၊ ၁၂၀ မမ နှစ်လက်၊ ၆၀ မမ ၁၁ လက်၊ ၈၁ မမ တစ်လက်၊ ငကျင်းမီး သုံးလက်၊ ပွိင့်ဖိုက် တစ်လက်၊ RPG နှစ်လက်၊ ဂျမ်မာ တစ်စုံ၊ လေးလုံးတွဲ- အတွဲလိုက်ဒုံး တစ်လက်၊ မိုင်းများ၊ ခဲယမ်းမျိုးစုံ အမြောက်အမြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၃၀ ကျော်ကိုလည်း ဖမ်းဆီးရမိပြီး သိမ်းဆည်းရမိတဲ့လက်နက်တွေဟာ ၂၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးကုတ်မြို့ကို ဇွန်လ ၂၅ ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ငါးရက်အကြာ ဇွန်လ ၃၀ ရက်နေ့မှာ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ရွှေမျက်၀န်း၊ အေးစေတီကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း စတဲ့တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

အဲဒီနောက် ဇူလိုင် ၂၄ ရက် တစ်လခန့်အကြာမှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မိုးကုတ်မြို့ အရှေ့ပိုင်းရှိ မန်တိုင်(၅)တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နဲ့ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ခဲ့ပြီးနောက် မိုးကုတ်မြို့တစ်ခုလုံးကို ထိန်းချုပ်ခဲ့တာပဲဖြစ်ပါတယ်။

 

တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆယ်နဲ့ ချီပြုလုပ်ခဲ့ပြီး Jet Fighter ၂၁ ကြိမ်၊ Y-12 လေယာဥ် ကိုးကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် ၇၈ ကြိမ်နဲ့ အတွဲလိုက်ဒုံး ၁၈ လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့လို့ မိုးကုတ်ဒေသခံ ကလေးငယ် ကိုးဦးအပါအဝင် ၃၁ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း လေးကျောင်းနဲ့ လူနေအိမ် ၂၉ လုံး ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA