နီပေါမှာ ခရီးသည်တင်လေယာဉ်ပျက်ကျ၊ လေယာဉ်မှူးကလွဲပြီး အားလုံးသေဆုံး

Author အဂ္ဂ
Categories
Published on Jul 25, 2024

နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူကနေ ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်တစ်စီး လမ်းခုလတ်မှာ ဗုဒ္ဓဟူးနေ့ ဇူလိုင် ၂၄ ရက်က ပျက်ကျခဲ့လို့ လိုက်ပါလာသူ ၁၈ ဦးစလုံးသေဆုံးခဲ့ပေမဲ့ လေယာဉ်မှူးအသက်ရှင်ကျန်ရစ်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်များက ပြောပါတယ်။

 

“လေယာဉ်မှူးကိုပဲ အသက်ရှင်ရက် ကယ်တင်လိုက်နိုင်တာပါ။ အခုတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်” လို့ ခတ္တမန္ဒူမြို့က ထရီဗူဗန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တက်ဂျ်ဗဟာဒူးပူဒါရ်က ပြောပါတယ်။

 

ဆော်ရာလေကြောင်းလိုင်းပိုင် ခရီးသည် ၅၀ တင်ဆောင်နိုင်တဲ့ လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းနှစ်ဦးနဲ့ နည်းပညာရှင် ၁၇ ဦးတို့ လိုက်ပါသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

CRJ-200 လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေဟာ နီပေါနိုင်ငံသား ၁၈ ဦးနဲ့ ယီမင်နိုင်ငံသား အင်ဂျင်နီယာတစ်ဦးတို့ ဖြစ်တယ်လို့လည်း ဆော်ရာလေကြောင်းလိုင်းက ဆိုပါတယ်။

 

ပျက်ကျလေယာဉ်ကို ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့ လေယာဉ်ပြုပြင်ရုံတွေရှိရာ ပိုခါရာလေဆိပ်အသစ်ဆီ သွားရောက်ချိန်ဖြစ်ပွားခဲ့တာလို့ နီပေါအာဏာပိုင်တွေက ဆိုပါတယ်။

 

“လေယာဉ်ဟာ ပျံတက်ပြီး အကြာခင်မှာပဲ ရုတ်တရက် ညာဘက်ကို လမ်းကြောင်းပြောင်းသွားခဲ့ပြီး ပြေးလမ်းရဲ့ အရှေ့ဘက်ခြမ်းမှာ ပျက်ကျခဲ့တာပါ” လို့ နီပေါမြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နီပေါဝန်ကြီးချုပ် ရှာမာအိုလီကိုယ်တိုင် လေယာဉ်ပျက်ကျရာကို သွားရောက်ကြည့်ရှုခဲ့ပြီးနောက် သူ့ရဲ့ လူမှုကွန်ရက်မှာ ပြည်သူလူထုတွေကို “စိတ်ရှည်သည်းခံကြပါ” လို့ပဲ ရေးသားတောင်းဆိုခဲ့ပြီး အခြား အသေးစိတ် အချက်အလက်တွေကိုတော့ ဘာမှ ပြောဆိုရေးသားခဲ့ခြင်းတော့ မရှိပါဘူး။

 

အခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနိုင်ရန် အဖွဲ့တစ်ခုဖွဲ့စည်းဖို့ အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေး ခေါ်ဆိုထားတယ်လို့လည်း အစိုးရပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 

ရုပ်မြင်သံကြားတွေမှာ ပြသခဲ့တဲ့ ဗီဒီယိုထဲမှာ မီးသတ်သမားတွေဟာ အနက်ရောင် မီးခိုးလုံးကြီးတွေ လုံးတက်လာနေတဲ့ လေယာဉ်အပျက်အစီးကို မီးငြိမ်းသတ်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

 

တခြားမှတ်တမ်းတွေထဲမှာတော့ ကယ်ဆယ်ရေးသမားတွေဟာ မီးလောင်ပျက်စီးနေတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို စစ်ဆေးနေတာတွေ၊ စိမ်းစိုနေတဲ့ လယ်ကွင်းတွေကြားထဲမှာ ပြန့်ကျဲနေတဲ့ ရုပ်အလောင်းတွေကို ထမ်းစင်တွေပေါ်တင်ပြီး လူနာတင်ယာဉ်ဆီတင်သွားတာတွေ စတဲ့ မြင်ကွင်းတွေကိုလည်း တွေ့ရပါတယ်။

 

လေယာဉ်ပျက်ကျမှုကြောင့် ခတ္တမန္ဒူလေဆိပ်ကို ခေတ္တပိတ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်လည် ဖွင့်လှစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

 

Flightradar 24 ရဲ့ ပျံသန်းမှုခြေရာခံစနစ်တွေအရ ဆော်ရာလေကြောင်းလိုင်းဟာ CRJ-200 ဒေသတွင်းပြေးဆွဲနိုင်တဲ့ လေယာဉ်နှစ်စင်းနဲ့ ပျံသန်းပြေးဆွဲလျက်ရှိပြီး အဲဒီ လေယာဉ်တွေဟာ ကနေဒါနိုင်ငံက Bombardier ကုမ္ပဏီကထုတ်လုပ်ခဲ့တာတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ  အဲဒီလေယာဉ်တွေထုတ်လုပ်‌ရေးပရိုဂရမ်ကို Mitsubishi Heavy Industries(MHI)က ၂၀၂၀ ခုနှစ်မှာ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

 

Bombardier ကုမ္ပဏီဟာ အခုဖြစ်စဉ်အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ကနေဒါမှာ အခြေစိုက်တဲ့ MHI RJ Aviation Group ကိုလွှဲပြောင်းပေးခဲ့ပါတယ်။

 

“ဒီမတော်တဆဖြစ်ရတဲ့အကြောင်းအရင်းကို သေသေချာချာသိရဖို့အတွက် အာဏာပိုင်တွေနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” လို့ MHI က ရိုက်တာသင်းဌာနကိုပေးပို့ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အခုဖြစ်စဉ်ဟာ ဆင်းရဲနွမ်းပါးလှတဲ့နိုင်ငံရဲ့ ညံ့ဖျင်းလှတဲ့ လေကြောင်းလိုင်း လုံခြုံစိတ်ချရမှုအပေါ် ပိုပြီး အာရုံစိုက်မိလာစေပါတယ်။ ဟိမဝန္တာတောင်တန်းတွေ တည်ရှိရာ နီပေါနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြား ကျပ်ညပ်ပိတ်မိနေတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကွန်ရက်အတွက် အကန့်အသတ်အများကြီးရှိတာကြောင့် လေကြောင်းကိုပဲ အဓိကထား အသုံးပြုနေရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

 

နီပေါနိုင်ငံဟာ သူတို့ရဲ့ ညံ့ဖျင်းလှတဲ့ လေကြောင်းလိုင်း လုံခြုံရေးစနစ်အတွက် ဝေဖန်မှုတွေကို ကြုံတွေ့နေရပါတယ်။ နီပေါလေကြောင်းလိုင်းဟာ ဝေးလံခေါင်သီတဲ့ တောင်တန်းတွေ၊ တိမ်လွှာထုတွေ ဖုံးလွှမ်းနေတဲ့ တောင်ထွတ်ကြားက လေဆိပ်ငယ်လေးတွေကို ပျံသန်းပြေးဆွဲနေတာလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံး တောင် ၁၄ လုံးထဲက ရှစ်လုံးဟာ နီပေါနိုင်ငံမှာ တည်ရှိတာပါ။

 

နိုင်ငံရဲ့ အဓိကလေဆိပ်ဟာလည်း တောင်ပတ်လည်ဝန်းရံနေတဲ့ အနေအထားမျိုးမှာရှိပြီး လေတိုက်နှုန်း ပြင်းထန်တာကြောင့် လမ်းကြောင်းပြောင်းသွားနိုင်တဲ့အတွက် လေယာဉ်မှူးတွေအတွက် လေယာဉ် ပျံသန်း ဆင်းသက်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေပါတယ်။

 

အသေအပျောက်အများဆုံး မတော်တဆဖြစ်ရပ်ကတော့ ၁၉၉၂ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံတကာ လေကြောင်းလိုင်းက လွန်းပြန်ဆွဲလေယာဉ်ဟာ ခတ္တမန္ဒူမြို့အနီး ချဉ်းကပ်လာစဉ်မှာ တောင်စောင်းတစ်ခုပေါ် ပျက်ကျခဲ့ပြီး လူ‌ပေါင်း ၁၆၇ ယောက်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ပါ။

 

၂၀၀၀ ခုနှစ်ကစလို့ အခုအချိန်အထိ နီပေါနိုင်ငံမှာ လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၃၆၀ နီးပါးသေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

 

မကြာသေးခင် ၂၀၂၃ ခုနှစ် ဇန်နဝါရီတုန်းကလည်း ယေတီလေကြောင်းလိုင်းက လေယာဉ်ပျက်ကျမှုမှာ လူ ၇၂ ဦးသေဆုံးခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အဲဒီမတော်တဆမှုဟာ လေယာဉ်မှူးတွေက အင်ဂျင်ကို မှားယွင်းပြီး ပါဝါပိတ်မိခဲ့တာကြောင့်လို့ ယူဆခဲ့ကြပါတယ်။

 

ဓာတ်ပုံ-  REUTERS/Navesh Chitrakar

 

ကိုးကား – Reuters