မင်းတပ်မှာ ခြံသန့်ရှင်းရေးလုပ်စဉ် စစ်ကောင်စီမိုင်းနင်းမိလို့ အရပ်သားတစ်ဦး ခြေတစ်ဖက်ပြတ်

Author ဆလိုင်း
Categories
Published on Jul 25, 2024

ချင်းပြည်(တောင်ပိုင်း)၊ မင်းတပ်မြို့၊ စံပြရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲသန့်ရှင်းရေးလုပ်စဉ် စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ အသက်ကြီးပိုင်း အရပ်သားတစ်ဦး ညာခြေတစ်ဖက်ဆုံးရှုံးလိုက်ရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ယမန်နေ့ ဇူလိုင်လ ၂၄ ရက် မနက်ပိုင်းက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ခြံဝန်းသန့်ရှင်းရေးပြုလုပ်စဥ် စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ခြံဝန်းအပြင်ဘက် စစ်သားတွေ နားခိုလေ့ရှိတဲ့နေရာမှာ မိုင်းနင်းသွားတာဖြစ်တယ်။ ညာခြေတစ်ဖက် ပြတ်ထွက်သွားတယ်။ အဲဒီနေရာက စစ်သားတွေ မိုင်းထောင်ထားတဲ့အတွက် လူတွေအချင်းချင်း အသွားအလာဂရုစိုက်ကြဖို့ ပြောတဲ့နေရာလည်းဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

 

မိုင်းနင်းတဲ့ အရပ်သားဟာ အသက် ၆၄ နှစ်အရွယ် ဦးထန်လိန်းဖြစ်ပြီး ၎င်းကို စစ်ကောင်စီတပ်က ဆေးကုသပေးဖို့ဆိုကာ ခလရ ၂၇၄ တပ်ရင်းသို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က အရှေ့ပြင်၊ ဘဝသစ်၊ စံပြ စတဲ့ ရပ်ကွက်များထဲက တချို့နေရာတွေမှာ မိုင်းတွေထောင်ထားတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်တို့ အရှေ့ပြင်ရပ်ကွက်တစ်ခုလုံးနီးပါးကို စစ်တပ်က မိုင်းတွေ ထောင်ထားတဲ့အတွက် လူတွေ ဘယ်သူမှမနေရဲကြဘူးလေ။ အခုဆို အရှေ့ပြင်ရပ်ကွက်မှာ လူတွေမရှိကြတာ တစ်နှစ်ကျော်၊ ၂ နှစ်လောက်ရှိပြီ။ အဲဒီရပ်ကွက်ဘက် စစ်ဘေးရှောင်အိမ် မီးလောင်တာဖြစ်ဖြစ်၊ မုန်တိုင်းတိုက်တာဖြစ်ဖြစ် ဘယ်သူမှ မကြည့်ရဲ၊ မသွားရဲကြတော့ဘူးလေ။ စစ်တပ်ဂိတ်လည်း ရှိတယ်။ စံပြရပ်ကွက်၊ ဘဝသစ်ရပ်ကွက်တွေထဲမှာလည်း စစ်တပ်တွေ နေခဲ့တဲ့နေရာမှာ မိုင်းထောင်ထားခဲ့တာတွေရှိတယ်” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိ မင်းတပ်မြို့ အနောက်ဘက် ၄ မိုင်နဲ့ ၅ မိုင်ကြားရှိ ကားလမ်းမကြီးတစ်နေရာကိုလည်း စစ်ကောင်စီတပ်က စက်ကြီးဖြင့် ဖျက်ဆီးပြီး မိုင်းတွေထောင်ထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – မင်းတပ်မြို့ကို တွေ့ရစဥ်