ဆေးဝါးနဲ့ စားသောက်ကုန်တင်သွင်းတဲ့ မြန်မာ-အိန္ဒိယ အဓိကနယ်စပ်ကုန်သွယ်ရေးစခန်း ယာယီပိတ်

Author ဆလိုင်း
Categories
Published on Jul 25, 2024

ဆေးဝါးနဲ့ စားသောက်ကုန်တင်သွင်းတဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ရိဒ်-ဇိုခေါသာရ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းကို အိန္ဒိယဘက်က ယာယီပိတ်သိမ်းလိုက်တယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

အဲဒီကုန်သွယ်ရေးစခန်းတည်ရှိတဲ့ ဇိုခေါသာရ်မှာ အိန္ဒိယ အကောက်ခွန်ဌာန၊ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုအဖွဲ့က ဒီကနေ့ ဇူလိုင်လ ၂၅ ရက်မှာ ရောက်ရှိလာမှာဖြစ်လို့ ယခုလို ယာယီပိတ်သိမ်းလိုက်တာလို့ သိရပါတယ်။

အဲဒီအဖွဲ့ဟာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီးခြောက်တွေ အိန္ဒိယဘက်သို့ တရားမဝင်တင်သွင်းမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ရောက်ရှိလာတာဖြစ်တယ်လို့ ဇိုခေါသာရ်ရောက် မြန်မာနိုင်သားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဒီနေ့မနက်ကစပြီး နှစ်နိုင်ငံနယ်စပ်တံတားကနေ အဝင်/အထွက် အားလုံးကို အိန္ဒိယဘက်က ပိတ်လိုက်ပါပြီ။ ဗဟိုဘက်က စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ရောက်လာမှာဖြစ်လို့ ပိတ်တာလို့ ပြောပါတယ်။ ပြီးတော့ အဲဒီ နယ်စပ်တံတားကနေ တရားမဝင် ကွမ်းသီးခြောက်တွေ တင်ပို့တဲ့ကိစ္စ စစ်ဆေးဖို့ ရောက်လာကြတာဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

 

ဘယ်နှစ်ရက်ကြာအထိ ပိတ်သိမ်းမယ်ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ မသိရှိရသေးဘဲ ရက်ရှည် ပိတ်သိမ်းပါက နှစ်နိုင်ငံဒေသခံတွေ အခက်အခဲတွေ့လာနိုင်တယ်လို့ ဆိုပါတယ်။

 

ရိဒ်-ဇိုသာခေါရ်ကုန်သွယ်ရေးစခန်းကနေ ချင်းပြည်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တို့က ကုန်စိမ်းတွေ အိန္ဒိယဘက်သို့ တင်ပို့ရောင်းချသလို အိန္ဒိယဘက်မှ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ မြန်မာဘက်ကို အဓိကတင်သွင်းတာဖြစ်တယ်လို့ ရိဒ်ခေါဒါရ်မြို့ခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အဲဒီ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးစခန်းကို ရက်ရှည်ပိတ်မယ်ဆိုရင် ကျွန်တော်တို့ စီးပွားရေးအရ သော်လည်းကောင်း၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးသော်လည်းကောင်း နှစ်နိုင်ငံနယ်စပ်က ဒေသခံတွေ အခက်တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့ နှစ်နိုင်ငံနယ်စပ်က ဒေသခံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မှီခိုနေကြတာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အိန္ဒိယနိုင်ငံရဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကို အကြောင်းပြပြီး အဲဒီနယ်စပ်ကုန်သွယ်ရေးစခန်းကို အိန္ဒိယဘက်က သုံးရက်ကြာ ပိတ်ခဲ့ပါသေးတယ်။

 

မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်က ပလက်ဝ-လောက်တလိုင်ကုန်သွယ်ရေးလမ်းကြောင်းကို ဇွန်လ ၂၄ ရက်နေ့မှာ အဲဒီက လူငယ်အရပ်ဘက်အဖွဲ့အစည်း CYLA က ပိတ်ထားခဲ့ရာကနေ ဇူလိုင်တတိယပတ်ထဲ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

 

CJ

 

ပုံစာ- အိန္ဒိယ – မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဥ်