သံတွဲ၊ ကွင်းဝိုင်းရေတပ်မှာ ခံစစ်ပြင်ဖို့ တပ်ကပ်လျက်နေသူများကို စစ်ကောင်စီမောင်းထုတ်

Author သုတ
Categories
Published on Jul 25, 2024

ရခိုင်ပြည်၊ သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ ကွင်းဝိုင်းရေတပ်(ပင်မဆက်သွယ်ရေးနဲ့ ရေငုပ်တပ်)မှာ ခံစစ်ပြင်ဖို့ ကပ်လျက်ဒေသခံနေအိမ်များကို စစ်ကောင်စီတပ်က ဖယ်ရှားလိုက်တယ်လို့ ကာယကံရှင်များထံမှ သိရပါတယ်။

 

အာရက္ခတပ်တော် AA ဆက်လက်တိုက်ခိုက်နေတဲ့ သံတွဲမြို့ရဲ့ နောက်ဆုံးလက်ကျန် ကွင်းဝိုင်းရေတပ်ကို မိုင်းထောင်ကာ ခုခံစစ်ပြင်ဆင်ဖို့ ဇူလိုင်လ ၂၂ ရက် ညနေပိုင်းမှာ ရေတပ်က ကြိုတင်အကြောင်းကြားမှုမရှိဘဲ ဖယ်ရှားခိုင်းခဲ့တာလို့ ဖယ်ရှားခံလိုက်ရသူတွေက CJ Platform သို့ ပြောပါတယ်။

 

“အဲဒီရွာနှစ်ရွာကြားမှာ ရေတပ်က ရှိတာလေ။ တပ်နဲ့ ခြံချင်းကပ်နေတဲ့အိမ်တွေ အခုဖယ်ပေးကြရတာပါ။ သူတို့ ရေတပ်ပတ်လည်မှာ မိုင်းထောင်မှာမလို့ အခုလို ဖယ်ခိုင်းတာလို့ သိရတယ်။ တိုက်ပွဲပြီးလို့ပြန်လာရင်တောင် ကျွန်တော်တို့အိမ်တွေဟာ မိုင်းကြောင့် အိမ်ပြန်နေလို့ရဖို့က မလွယ်တော့ပါဘူး” လို့ နေအိမ်ဖယ်ရှားခံလိုက်ရသူတစ်ဦးက ဆိုပါတယ်။

 

ကွင်းဝိုင်းရွာက စစ်ကောင်စီရေတပ်နဲ့ကပ်နေတဲ့ နေအိမ် ငါးလုံးနဲ့ မောင်ရွှေလေးရွာက ခုနစ်လုံး စုစုပေါင်း နေအိမ် ၁၂ လုံးက မိသားစုဝင် ၇၀ ခန့်ဖယ်ပေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံပြည်သူတွေဟာ လတ်တလော ဆွေမျိုးတော်စပ်သူတွေဆီသွားရောက်နေထိုင်ကြသလို ဘုန်းကြီးကျောင်းတွေမှာလည်း နေထိုင်နေရသူတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“ပစ္စည်းတွေလည်း ချက်ချင်းပြောင်းပေးရတော့ ကျန်ခဲ့တာတွေလည်းရှိတာပေါ့။ တချို့က အမျိုးတွေအိမ်မှာနေရတာ အဆင်ပြေသေးတယ်။ ဘုန်းကြီးကျောင်းမှာနေရသူတွေကျတော့ လုံခြုံမှုနည်းတယ်။ အမျိုးသမီးတွေအနေနဲ့ အဆင်မပြေမှုတွေလည်း များကြတာပေါ့” လို့ ၎င်းက ပြောပါတယ်။

 

သံတွဲမြို့နယ်က နောက်ဆုံးကျန်ဖြစ်တဲ့ ကွင်းဝိုင်းရေတပ်စခန်းကို ဇူလိုင်လ ၂၀ ရက်နေ့မှာ အာရက္ခတပ်တော်(AA)က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ တပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

အဲဒီနောက် နှစ်ရက်အကြာမှာ ရေတပ်ထဲကို AA က အလွယ်တကူ ဝင်ရောက်မတိုက်ခိုက်နိုင်အောင် ဒေသခံနေအိမ်တွေအထိ မိုင်းထောင်ဖို့ ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။

 

သံတွဲမြို့နယ်ထဲက တပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ – ၅၆၆ နဲ့ ခလရ- ၅၅ တပ်ရင်း၊ သံတွဲ မဇင်လေဆိပ်၊ ငပလီကမ်းခြေအပါအဝင် နေရာအများစုကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေသေးတဲ့စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် ကွင်းဝိုင်းရေတပ်စခန်းကို ရရှိရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ- လူမှုကွန်ရက်