တစ်ပတ်ကြာ လူမြင်ကွင်းက ပျောက်ဆုံးနေတဲ့ စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင်

Author ကိုထားဝယ်
Categories
Published on Jun 25, 2024

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ လူမြင်ကွင်းက ပျောက်ဆုံးနေတာ သီတင်းပတ် တစ်ပတ်၊ ခုနစ်ရက်တိတိကြာမြင့်နေပါပြီ။

 

အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင်အနေနဲ့ အဲဒီလောက် အချိန်ကြာမြင့်တဲ့အထိ လူမြင်ကွင်းက မပျောက်ဆုံးဖူးခဲ့ပေမဲ့ အခု သုံးနှစ်ကျော်ကာလအတွင်း ပထမဆုံးပျောက်ဆုံးနေတာပါ။ ဒုစစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ဧပြီလ ၁၀ ရက်ကနေ ၂၉ ရက်နေ့အထိ ၂၀ ရက်ကျော်ကြာအထိ ပျောက်ဆုံးခဲ့ဖူးပါတယ်။

 

စစ်ခေါင်းဆောင်ဟာ ဇွန် ၁၇ ရက်က မန္တလေးတိုင်းထဲက တပ်မြို့လို့ထင်ရှားတဲ့ မိတ္ထီလာကို သွားရောက်ပြီးနောက်ပိုင်း လူမြင်ကွင်းက ပျောက်ကွယ်နေတာ မနေ့(ဇွန် ၂၄ ရက်)အထိဆိုပါက သီတင်းပတ်တစ်ပတ် ခုနစ်ရက်တိတိရှိပြီဖြစ်ပါတယ်။

 

“တပ်မြို့မှာ နောက်ဆုံး”

 

အဲဒီတပ်မြို့မှာ ဇွန် ၁၆ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

 

“တပ်တွင်းစည်းလုံးရေးကနေ တပ်ပြင်စည်းရုံးရေးကို တည်ဆောက်ပြီး စုစည်းညီညွတ်ခြင်း အားနဲ့ ဒေသအကျိုးကို အတူတကွဝိုင်းဝန်းဆောင်ရွက်ဖို့” ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စည်းရုံးရေးဆင်းခဲ့ပါသေးတယ်။

 

နောက်တစ်နေ့ ဇွန်လ ၁၇ ရက်နေ့မှာ စစ်ခေါင်းဆောင်ဟာ မိတ္ထီလာမြို့က အထက ၅ (ရှမ်းတဲ)ကျောင်းနဲ့ တပ်ချည်မျှင်နဲ့ အထည်စက်ရုံ(မိတ္ထီလာ)တို့ကို သွားရောက်ခဲ့ပါတယ်။

 

တပ်ချည်မျှင်စက်ရုံမှာ “ပြည်ပသွင်းကုန်လျှော့နိုင်ဖို့ စောင်၊ ခြင်ထောင်၊ အိပ်ယာခင်းအပါအဝင် အခြေခံချည်ထည်အမျိုးမျိုးကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီဖြစ်လို့ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်ရမယ်” လို့ လက်ရှိ စစ်သားတွေရဲ့ ခေါင်းဆောင်လုပ်နေသူက ပြောသွားပါတယ်။

 

ဒုစစ်ခေါင်းဆောင် စိုးဝင်းကတော့ ဇွန်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Abhay Thakur ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံပြီးနောက် လူမြင်ကွင်းက ဒုတိယအကြိမ်မြောက် ရက်အတန်ကြာပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

 

“တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင် တွေ့မတွေ့”

 

စစ်ခေါင်းဆောင်ရဲ့ အားကိုးရာ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဘယ်အဆင့်လာလာ တွေ့ဆုံကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေကနေ ဓာတ်ပုံတွေဝေဝေဆာဆာနဲ့ ဝါဒဖြန့်လေ့ရှိပါတယ်။

 

ဒါပေမဲ့ ဇွန်လ ၁၈ ရက်က နေပြည်တော်ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်ကို စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင်တို့ ထွက်တွေ့တယ်လို့ တစ်စုံတစ်ရာထုတ်ပြန်လာတာမျိုး မတွေ့ရပါဘူး။

 

မစ္စတာ တိန့်ရှီးကျင်းကို စစ်ကောင်စီ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကပဲ နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီဘက်က လျှို့ဝှက်လိုလို့ မထုတ်ပြန်တာလား။ တကယ်ပဲ လက်ခံမတွေ့ဆုံခဲ့တာလား ဆိုတာတော့ ကွဲကွဲပြားပြားမသိရသေးပါဘူး။

 

စစ်ကောင်စီထံမှ တရုတ်အကျိုးအမြတ်တွေများစွာရနိုင်သလို စစ်ကောင်စီကလည်း တရုတ်ထံမှ မျှော်ကိုးစရာတွေရှိနေတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးယုတ်စေမယ့်အရာမျိုး လုပ်မယ်လို့ ယူဆစရာမရှိပါဘူး။

 

အလားတူ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မန္တလေးတိုင်း၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ပစ်သတ်ခဲ့တဲ့နေ့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ ဇွန်လ ၁၉ ရက်နေ့မှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ ဆက်လက်ပျောက်ဆုံးနေခဲ့ပါတယ်။

 

“စစ်ပြန်တွေနှစ်ပတ်လည်ပွဲလည်း မတက်”

 

လက်ရှိစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စစ်တပ်ခေါင်းဆောင်ဟောင်းတွေတက်ခဲ့တဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုကောင်စီရဲ့ ဇွန်လ ၂၁ ရက်နေ့က နှစ်ပတ်လည်အစည်းအဝေးပွဲကိုလည်း စစ်ခေါင်းဆောင်နှစ်ယောက်မတက်ခဲ့ပြန်ပါဘူး။

 

စစ်မှုထမ်းဟောင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ ယခင် NLD လက်ထက် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး(အငြိမ်းစား)စိန်ဝင်းက ဦးဆောင်ပြုလုပ်ခဲ့တဲ့ အဲဒီပွဲကို နေပြည်တော်ဗဟိုကောင်စီဝင်တွေနဲ့ တပ်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

 

“အမြဲတက်တဲ့ အစည်းအဝေးလည်း မတက်”

 

အစည်းအဝေးအတော်များများ တစ်ယောက်မဟုတ် တစ်ယောက်က အမြဲလိုက်တက်လေ့ရှိတဲ့ စစ်ခေါင်းဆောင်နှစ်ယောက်ဟာ စစ်မှုထမ်းဟောင်းနှစ်ပတ်လည်လည်းမတက်သလို ဇွန် ၂၁ ရက်နေ့က နေပြည်တော်မှာပဲပြုလုပ်တဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးကိုလည်း မတက်ခဲ့ပြန်ပါဘူး။

 

အဲဒီအစည်းအဝေးကို ယခင်က ဗိုလ်ချုပ်မှူးကြီးရာထူးဆက်ခံနိုင်သူလို့ တစ်ပြေးခဲ့တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အစားထိုးတက်ရောက်ခဲ့ပါတယ်။

 

အဲဒီနောက် စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၃ ဖွင့်လှစ်ခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့မှာလည်း စစ်ခေါင်းဆောင်နှစ်ယောက်ဟာ လူမြင်ကွင်းရှေ့မထွက်လာခဲ့သေးပါဘူး။

 

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့၊ စခမကျေးရွာကျောင်းဆရာတော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တဲ့နေ့၊ ရခိုင်ပြည်ထဲ အမ်းမြို့က ကဇုကိုင်း(တောဟိန်းတောင်)ဗျူဟာကုန်းနဲ့ သံတွဲမြို့က သံတွဲလေဆိပ်တို့ကို အာရက္ခတပ်တော် AA တို့က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ဇွန်လ ၂၃ ရက်နေ့မှာလည်း စစ်ခေါင်းဆောင်နှစ်ယောက် အများအမြင်မှာ ဆက်လက်ပျောက်ဆုံးနေခဲ့ပါတယ်။

 

ဒါ့အပြင် ဇွန်လ ၂၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတမ်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီရဲ့အစည်းအဝေးကိုလည်း စစ်ခေါင်းဆောင်နှစ်ယောက်အစား ဗိုလ်ချုပ်ကြီး မြထွန်းဦးကိုပဲ တက်ရောက်စေခဲ့တာတွေ့မြင်ရပါတယ်။

 

ဒါကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ဟာ ဇွန်လ ၁၇ ရက်ကနေ မနေ့ ဇွန်လ ၂၄ ရက်နေ့အထိ တစ်ပတ်တိတိ လူမြင်ကွင်းရှေ့က အတူတူပျောက်ကွယ်နေကြပါတယ်။

 

သူတို့ ဘာလုပ်နေကြပါသလဲ? ဘာကြောင့် လူလုံးထွက်မပြကြတာပါလဲ?

 

နေမကောင်းလို့လား? ရည်ရွယ်ချက်ရှိရှိ ကိုယ်ယောင်ဖျောက်နေကြတာပါလား? စစ်ရှုံးစစ်တပ်အတွက် စစ်ရေးမဟာဗျူတွေ ချမှတ်နေလို့ပါလား? လား…လား…လား… မေးခွန်းပေါင်းများစွာတော့ အားလုံးကိုယ်စီရှိနေကြမယ်ထင်ပါတယ်။

 

ဘယ်သူမှတော့ မသိနိုင်သေးပါဘူး။

 

ဒါပေမဲ့ သူတို့နှစ်ယောက် ပျောက်ဆုံးနေတာကြောင့် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေရဲ့အယ်ဒီတာအဖွဲ့ကတော့ မျက်နှာဖုံးသတင်းတွေအတွက် ခေါင်းစားစေမှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – MOI