ဟားခါးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက အရပ်သားနေအိမ်တွေကို ဓာတ်ဆီလောင်းမီးရှို့

Author ဆလိုင်း
Categories
Published on Jun 25, 2024

ချင်းပြည် မြို့တော် ဟားခါးမြို့၊ ဟားခါးထားရ်ရပ်ကွက် ခြောက်လမ်းဆုံဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းကာကွယ်ရေးတပ်တွေက မနေ့ ဇွန်လ ၂၄ ရက် ညပိုင်း ၁၂ နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သားနေအိမ်တွေကို ဓာတ်ဆီလောင်းမီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျွန်တော်တို့ ပစ်ခတ်သံတွေ ကြားလိုက်တယ်။ အိပ်ချိန်ဆိုတော့ မမြင်လိုက်ရဘူး။ ပစ်ခတ်မှု ငြိမ်သွားပြီးနောက် စစ်သားတွေက အဝတ်စားတွေကို ဓာတ်ဆီလောင်းထည့် မီးရှို့ပြီး အရပ်သားနေအိမ်တွေကို လိုက်ပစ်တယ်။ နေအိမ် ဆယ်လုံးလောက် မီးလောင်ပြီး သုံးအိမ်လောက်က ပြာကျသွားတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

စစ်ကောင်စီ မီးရှို့တဲ့နေအိမ် ဆယ်လုံးခန့်အနက် သုံးလုံးခန့်ဟာ မီးလောင်ပြာကျသွားပြီး ခုနစ်လုံးခန့်ဟာ ပြည်သူတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်လို့သာ အနည်းငယ်ပဲလောင်ကျွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုအခြေအနေအသေးစိတ်ကို သိရှိရဖို့အတွက် CJ Platform က ဟားခါးအခြေပြု ချင်းကာကွယ်ရေးတပ် CDF(ဟားခါး)ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

 

ဟားခါးထားရ်ရပ်ကွက် ခြောက်လမ်းစုံဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသား တပ်မတော်(CNA)နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်-ဟားခါးတို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။

 

ပစ်ခတ်မှုအတွင်း ဟားခါးအခြေစိုက် စစ်ကောင်စီရဲ့ ရုန်းတောင်တပ်စခန်းက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဟားခါးထားရ်ရပ်ကွက်ထဲ ကျပေါက်ကွဲလို့ အရပ်သားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒီနေ့ ဇွန်လ ၂၅ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက ဟားခါးမြို့ လမ်းဆုံလမ်းခွနေရာတွေမှာ လုံခြုံရေးတိုးမြှင့်ထားပြီး ပစ်ခတ်သံတွေတော့ မရှိဘူးလို့ သိရပါတယ်။

 

ဓာတ်ပုံ-CJ

 

ပုံစာ- စစ်ကောင်စီ မီးရှို့တဲ့ ဟားခါးထားရ်ရပ်ကွက်က အရပ်သားနေအိမ်တွေကို တွေ့ရစဥ်