စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မြေနုကျွန်းက အဖွားအိုတစ်ဦး သေဆုံး

Published on May 25, 2024

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊စဉ့်ကူးမြို့နယ်က မြေနုကျွန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ မေလ ၂၃ ရက်နေ့၊ ညနေ ၄ နာရီခွဲဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အဖိုး၊အဖွားလင်မယားနှစ်ယောက်ကို လက်နက်ကြီး ထိမှန်ကာ အဖွားအို သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

စဉ့်ကူးမြို့နယ်၊တောင်အင်းရွာဘက်ကနေ စစ်ကောင်စီတပ်က  ၁၂၀ မမ လက်နက်ကြီး သုံးလုံး ဆက်တိုက်ပစ်ချိန် ဒုတိယမြောက် အလုံးကျရောက်ချိန်မှာ နေအိမ်ထဲမှာ ရှိနေတဲ့ အဖိုးအဖွားလင်မယားကို ထိမှန်ခဲ့ကာ အဖိုးဖြစ်သူမှာ ဝမ်းဗိုက်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး အဖွားအိုဖြစ်သူ ဒေါ်ဆန်းကြည် အသက် (၇၂)နှစ်ဟာ သေဆုံးသွားခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံအမျိုးသားက CJ Platform ကို ပြောပါတယ်။

 

“ တောင်အင်းကနေ ပစ်တာ အိမ်ထဲမှာပဲနေ နေတာကို မှန်တာ သုံးလုံးဆက်တိုက်ပစ်တာ နှစ်လုံးမြောက်မှာ မှန်တာ အဖွားက သေဆုံးသွားတယ် ရွာကလူတွေလည်း ပစ်သံကြားကတည်းက ပြေးတာပဲ”လို့ သူက ပြောပါတယ်။

 

ဒါ့အပြင်  ဧပြီ၂၇ရက်နေ့ ၁၀ နာရီခွဲခန့်မှာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငယ်တိုးကျေးရွာ၊ သနပ်ကုန်းကျေးရွာဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့  စစ်ကောင်စီအင်အား ၆၀ ကျော်ဟာ ရွှေဘိုးကြီးကျေးရွာ၊ ထန်းခြောက်ပင်ကျေးရွာ၊ ဟင်္သာကုန်းကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး မွန်းလွဲ ၁၂နာရီ ၃၅ မိနစ်ခန့်မှာ ဟင်္သာကုန်းကျေးရွာ အိမ်ခြေ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ- ပေးပို့