ဆီဆိုင်မှာ ပအိုးဝ်ပြည်သူ့စစ် ဗိုလ်ကြီးက ရွာလူကြီးနှစ်ဦးကို ပြန်ပေးဆွဲငွေညှစ်၊ တစ်ဦး အဆက်အသွယ်ပြတ်

Published on May 25, 2024

ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့မှာ ပအိုးဝ်ပြည်သူ့စစ် ဗိုလ်ကြီးက ရွာလူကြီးနှစ်ဦးကို ပြန်ပေးဆွဲငွေညှစ်လို့ သိန်းရာနဲ့ချီနဲ့ရွေးလို့ တစ်ဦးလွတ်ပေမဲ့ တစ်ဦးအဆက်အသွယ်ပြတ်နေတယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူဆီကနေ သိရပါတယ်။

 

နမ့်စေမဲးကျေးရွာ ရပ်မိရပ်ဖ ခွန်ဝင်းနိုင်(၅၀)နှစ်ဟာ နေအိမ်မှာရှိနေချိန် ဆီဆိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်(PNO)ပြည်သူ့စစ် ဗိုလ်ကြီး လယ်အဖွဲ့က ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်က ရွာပြင်ကို ဖမ်းခေါ်သွားတယ်လို့ PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform ကိုပြောပါတယ်။

 

“အဲဒီမှာ အဖမ်းခံရလို့ ဦးဝင်းနိုင်မိသားစုက လိုက်ညှိတဲ့အချိန်မှာ ကားတစ်စီးနဲ့ သိန်း ၁၀ဝ ပေးရတယ်ပေါ့နော်။ အဲဒါကို ညှိနေတဲ့အချိန်မှာ ဦးဝင်းနိုင်ရဲ့ မိန်းမကို သေနတ်နဲ့ပစ်လို့ ပေါင်မှာ ထိပြီး ဆေးကုသမှုခံယူနေရတယ်” လို့ သူက ပြောပါတယ်။

 

အလားတူ အဲဒီနေ့မှာပဲ နောင်သိမ်ကျေးရွာက ရပ်မိရပ်ဖ ဦးထက်နိုင်(၅၀)နှစ်ခန့်ဟာ ည ၉ နာရီခန့်မှာ ရွာသုဿာန်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရွာဦးဘုန်းတော်ကြီးနဲ့ ကျေးရွာဒေသခံတွေကနောက်က လိုက်သွားပေမဲ့ PNO ပြည်သူ့စစ်က သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့လို့ ဆက်လိုက်သွားလို့မရခဲ့ဘူးလို့ ခွန်ရိန်းယံ အပြောအရ သိရပါတယ်။

 

“ ဦးထက်နိုင်ဆီက ရွှေငွေများ၊ ဒင်္ဂါးပြားများ၊ ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီး၊ ရွှေတွေ၊ ငွေတွေပါသွားတယ်” လို့ သူက ဆိုပါတယ်။

 

အဲဒီရွာလူကြီးနှစ်ဦးထဲက ခွန်ဝင်းနိုင်ဟာ မေလ ၂၂ ရက်နေ့ ည ၁၁ နာရီကျော်မှာ ပြန်လွတ်လာခဲ့ပေမဲ့ ခွန်ထက်နိုင်ကိုတော့ ခုချိန်ထိ မိသားစုတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

 

မေ ၂ ရက်နေ့က ဆီဆိုင်မြို့နယ်၊ နောင်ဗိုကန်တော်လေးကျေးရွာရဲ့ ရွာသူကြီး ဖြားခွန်လျောကို အခုပြန်ပေးဆွဲတဲ့ ဗိုလ်ကြီး လယ်ရဲ့ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး ကားတစ်စီးကို သိမ်းဆည်းခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါသေးတယ်။

 

ဒါ့အပြင် မေလ ၉ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ နောင်ရင်းရွာသူကြီး ညီအစ်ကို ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် ရွာသူကြီးပိုင်ဆိုင်တဲ့ ကုန်တင်ကား ၁ စီးကိုပါ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – PNLA