ထိုင်းဆုန်ခရမ် သင်္ကြန်ပွဲတော်သို့ ယခင်နှစ်ထက် လာရောက်သူတိုးမြင့်၊ နိုင်ငံခြားဝင်ငွေ ဘတ် ၁၄၀ ဘီလျံကျော် ရရှိခဲ့ဟု ခရီးသွားဝန်ကြီးဆို

Author လင်းနွေဦး
Categories
Published on Apr 25, 2024

ထိုင်းနိုင်ငံ မြို့ကြီးများတွင် အဓိကပြုလုပ်ခဲ့သည့် ရေကစားပွဲတော်တစ်ခုဖြစ်သော ဆုန်ခရမ်ပွဲတော်များမှ နိုင်ငံခြားဝင်ငွေ ထိုင်းဘတ် ၁၄၀ ဘီလျံကျော်အထိ ရရှိခဲ့ကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးက ထုတ်ဖော်ပြောဆိုကြောင်း ထိုင်းဒေသအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

 

ထိုင်းနိုင်ငံ မြို့ကြီးများဖြစ်သည့် ဘန်ကောက်၊ ချင်းမိုင်စသည့် မြို့များတွင် ဧပြီ ၁ ရက်မှ ၂၁ ရက်အထိ အဓိကထား ကျင်းပခဲ့သော ဆုန်ခရမ်ရေကစားပွဲတော်အတွင်း နိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့သူ နိုင်ငံခြားသား နှစ်သန်းနီးပါးအထိရှိခဲ့ကာ ၎င်းတို့ထံမှ အဆိုပါပမာဏကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခရီးသွားဝန်ကြီး ဆူဒဝန် ဝန်ဆူပကစ်ကိုဆို(Sudawan Wangsupakitkosol)က ဆိုသည်။

 

“ဆနမ် လူအန်(Sanam Luang)မှာ ကျင်းပခဲ့တဲ့ မဟာဆုန်ခရမ်ပွဲတော်က ကျွန်တော်တို့ရဲ့ အောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့တာပါ။ လူတွေလည်း အများကြီးလာခဲ့ကြတယ်။ ဘန်ကောက်က ထိုင်းတော်ဝင်နန်းတော်ကို နောက်ခံထားပြီး ကျင်းပခဲ့တဲ့ ဒီပွဲတော်ကြီးကို တစ်ကမ္ဘာလုံးကို ပြသခဲ့တာဖြစ်ပြီး အဲ့ဒါကပဲ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ခဲ့တာပါ” ဟု ထိုင်းခရီးသွားဝန်ကြီးမှ Bangkok Post သတင်းဌာနသို့ ပြောသည်။

 

ပွဲတော်ကာလ ၂၁ ရက်အတွင်း နိုင်ငံအသီးသီးမှ လူပေါင်း ၁,၉၂၆,၄၄၃ သန်း လာရောက်ခဲ့ကြခြင်းဖြစ်ပြီး လာရောက်လည်ပတ်သည့် နိုင်ငံများအနက် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကာ ၃၉၅,၈၃၀ ဦးဖြင့် ၈၉ ရာခိုင်နှုန်း၊ မလေးရှားမှ ၂၉၈,၂၆၃ ဦးဖြင့် ၄၁ ရာခိုင်နှုန်းကျော်၊ အိန္ဒိယ မှ ၁၁၄,၃၃၀ ဦးဖြင့် ၂၇ ရာခိုင်နှုန်း၊ ရုရှားမှ ၁၀၄,၅၃၈ ဦးဖြင့် ၁၉ ရာခိုင်နှုန်း၊ တောင်ကိုရီးယားမှ ၈၄,၅၃၉ ဦးဖြင့် ၃၆ ရာခိုင်နှုန်း၊ လာအိုနိုင်ငံမှ ၆၆,၁၅၃ ဦးဖြင့် ၄၃ ရာခိုင်နှုန်းကျော်၊ အင်္ဂလန်မှ ၆၀,၄၉၅ ဖြင့် ၁၁ ရာခိုင်နှုန်း၊ ထိုင်ဝမ် မှ ၆၀,၁၅၃ ဦးဖြင့် ၅၈ ရာခိုင်နှုန်း၊ အမေရိကန်မှ ၅၆,၀၆၈ ဦးဖြင့် ၁၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားမှ ၅၅,၉၆၉ ဦး ဖြင့် ၆၄ ရာခိုင်နှုန်း ယမန်နှစ်ထက် လာရောက်လည်ပတ်မှုနှုန်း တိုးမြင့်လာခဲ့ခြင်းဖြစ်ကာ စုစုပေါင်းအားဖြင့် ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလဖြင့် နှိုင်းယှဉ်ပါက ၃၇ ဒသမ ၅၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

နိုင်ငံခြားဝင်ငွေ ရရှိခဲ့သည့်ကဏ္ဍများကို ခွဲခြားမည်ဆိုပါကလည်း တည်းခိုခန်းနှင့်နေထိုင်ဌားရမ်းမှု အပိုင်းမှ ထိုင်းဘတ်ငွေအားဖြင့်  ၄၂ ဘီလျံကျော်၊ အစားအသောက်နှင့် အဖျော်ယမကာ များအပိုင်းမှ ၃၃ ဘီလျံကျော်၊ အမှတ်တရပစ္စည်းများနှင့် ကုန်ပစ္စည်းများ ရောင်းချမှုမှ ၂၆ ဘီလျံကျော် ၊ ခရီးသွားလာရေးပိုင်းနှင့် ဝန်ဆောင်မှု ပိုင်းမှ ၂၀ ဘီလျံကျော်၊ ဖျော်ဖြေမှုပိုင်းတွင် ၁၄ ဘီလျံကျော် နှင့် အခြားသော အပိုင်းများမှ ၂ ဘီလျံကျော် နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးတွက်ချက်မှု စာရင်းဇယားများမှ သိရှိရသည်ဟု ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

 

ဓာတ်ပုံ – Holiday Inn Pattaya

 

ပုံစာ – ဆုန်ခရမ်ပွဲတော်အတွင်း ရေကစားနေကြသည့် ထိုင်းနိုင်ငံသားအချိုကို မြင်တွေ့ရစဉ်