ပြည်သူ့ဘဏ္ဍာများဖြင့်ဝယ်ယူထားသော လက်နက်များ ဒီးမော့ဆို PDF ရဲဘော်သစ်များကို တပ်ဆင်ပေး

Author မင်းထက်
Categories
Published on Apr 25, 2024

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF) ၏ “အောင်မြေ” Project မှရရှိလာသော ပြည်သူ့ ဘဏ္ဍာများဖြင့် ဝယ်ယူထားသော လက်နက်ခဲယမ်းများကို တပ်သားသစ်များအား တပ်ဆင်ပေးနိုင်ခဲ့ကြောင်း ယင်းတပ်ဖွဲ့၏ တာ၀န်ရှိသူတစ်ဦးထံမှ သိရသည်။

 

ယခင်နှစ် ၂၀၂၃ ခုနှစ် နို၀င်ဘာ ၂၆ ရက်မှ  ၂၀၂၄ ခု ဇန်န၀ါရီ ၁ ရက်အထိပြုလုပ်ခဲ့သော Target ပြည့်မီခဲ့သည့်  “အောင်မြေ” Project မှရရှိလာသော လှူဒါန်းငွေများဖြင့် လက်နက်ခဲယမ်းများကို DMO PDF ၏ စစ်ဘက်ဆိုင်ရာ တာဝန်ခံများနှင့် ဗျူဟာမှူးများမှ တပ်သားသစ်များကို တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

 

” လတ်တလောမှာ ကျွန်တော်တို့ အပတ်စဥ် ၂၂ သင်တန်းဆင်းပွဲနဲ့ တပ်သားသစ်တွေ လက်နက်တပ်ဆင်တာပါ။ ကျွန်တော်တို့မှာက လက်နက်လုံလောက်မှုမရှိဘူး။ လောလောဆယ် တပ်သားသစ်တွေ၊ တပ်သားဟောင်းတွေ ဘယ်သူကိုပဲလက်နက်တပ်ပါစေ ကျွန်တော်တို့မှာ အလှည့်ကျမျှဝေသုံးရတာပေါ့နော်။ အခမ်းနားပွဲမှာ ကျွန်တော်တို့က တပ်သားသစ်တွေ လက်နက်တပ်ဆင်ပေးခဲ့ပေမဲ့လည်း တပ်ရင်းထဲကို ပြန်ရောက်ရင် လက်နက်လုံလောက်မှုမရှိတဲ့အတွက်ကြောင့် စစ်မြေပြင်သွားတဲ့အခါမှာ အလှည့်ကြစီ မျှဝေသုံးရမှာဖြစ်ပါတယ်” ဟု DMO PDF တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ယင်းတပ်သားသစ်များသည် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ၀င်ရောက်လာသော စစ်သည်များ အဓိကပါ၀င်ကာ အများအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့များဖြစ်သည့် တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုန်းမြို့တို့အပါအဝင် လွိုင်ကော်၊ ရန်ကုန်၊ မန္တလေး စသည့်နယ်မြေအစုံမှ ဝင်ရောက်လာသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

၎င်းတို့ပါ၀င်သည့် အပတ်စဉ် (၂၂) အခြေခံစစ်သင်တန်းဆင်းပွဲကို သင်တန်းကာလ ၁၅ ရက် သင်ကြားပြီးနောက် ဧပြီ  ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

“ကျွန်တော်တို့မှာ ၂၀၂၁ ခု နွေဦးကာလမှာကတည်းက တော်လှန်ရေးလုပ်နေခဲ့ပြီး တိုက်ပွဲတွေလုပ်နေတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့က တိုက်ပွဲအတွေ့ကြုံအများကြီးရှိထားတယ်။ ကျွန်တော်တို့တပ်သားတွေ ၁၅ ရက်တွင်းသင်တန်းဆင်းပြီး စစ်မြေပြင်မှာ စစ်တိုက်နေတဲ့ စစ်ဘုရင်တွေနဲ့ ကြားညှပ်ပြီးတိုက်ပါတယ်။ သင်တန်းဆင်းပြီး စစ်တိုက်ခိုင်းတာ မဟုတ်ဘူး။ ၀ါရင့်တဲ့ တိုက်ရည်ခိုက်ရယ်ရှိတဲ့ ဆယ်ယောက်ပါရင် သင်တန်းဆင်းတဲ့သူ နှစ်ယောက်၊ သုံးယောက်ညှပ်ပြီးသုံးတာပါ” ဟု သင်တန်းသားသစ်များမြေပြင်ပါ၀င်မှုများနဲ့ပတ်သက်၍ DMO PDF တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် တိုက်ပွဲဝင်တော်လှန်လိုသူများကို သင်ကြားပို့ချခဲ့သော DMO- PDF အခြေခံစစ်သင်တန်းတွင် တပ်သားသစ် (၆၉)ဦး တက်ရောက်ပြီးစီးခဲ့ပြီး အမျိုးသမီး ၁၁ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ၄င်းတပ်သားသစ်များကို ယူနီဖောင်း ၊ စစ်ဖိနစ် ၊ ဦးထုပ်တို့သာလျှင် ဆင်မြန်းပေးထားနိုင်ပြီး လိုအပ်ချက်များစွာလည်း ရှိနေသေးကြောင်း ၎င်းကဆက်လက်ပြောသည်။

 

သင်တန်းကာလအတွင်း လိုအပ်ချက်များစွာရှိခဲ့ကြပြီး စားနပ်ရိက္ခာအပြင် အခြားသော လိုအပ်ချက်အမျိုးအမျိုးကို ပါဝင်ကူညီပံ့ပို့ပေးကြသော ပြည်တွင်းပြည်ပအလှူရှင်များနှင့် သင်တန်းဖြစ်မြောက်ရေးအတွက် တက်ကြွစွာလုပ်အား‌ပါဝင်ပေးသော ဒေသခံမိဘပြည်သူများကိုလည်း ကျေးဇူးတင်ရှိကြောင်း (DMO-PDF)က ဆိုထားသည်။

 

ဓာတ်ပုံ – ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF)