မြစ်ကြီးနားအကျဉ်းထောင် ပစ်ခတ်မှုဖြစ်စဉ်ထဲက ၁ ဦးထပ်မံသေဆုံး၍ သေဆုံးသူ ၅ ဦးအထိရှိလာ

Author လင်းနွေဦး
Categories
Published on Apr 25, 2024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြစ်ကြီးနားအကျဉ်းထောင် ပစ်ခတ်နှိမ်နှင်းမှုဖြစ်စဉ်အတွင်း အကျဉ်းသားတစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူငါးဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

ထပ်မံသေဆုံးခဲ့ရသူသည် ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဧပြီ ၁၈ ရက်နေ့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သူများအနက်မှ တစ်ဦးဖြစ်ကာ ၎င်းသေဆုံးသည်ကို PPNM မှ ဧပြီ ၂၃ ရက်နေ့က စုံစမ်းအတည်ပြုနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

 

“ကျွန်တော်တို့ကနေ စုံစမ်းအတည်ပြုလို့ရတာက ဧပြီ ၂၃ ရက်နေ့ကဆိုတော့ သူဆုံးတာက ရှေ့ရက်တွေဖြစ်တဲ့ ၂၂ ရက်နေ့နဲ့ ၂၁ ရက်နေ့ တစ်ရက်ရက်မှာ ဆုံးသွားတာလို့ ယူဆလို့ရပါတယ်။ ထပ်ပြီး ဒဏ်ရာပြင်းထန်တဲ့သူတွေ ရှိနေတာဖြစ်တဲ့အတွက်လည်း ဆက်လက်စုံစမ်း စောင့်ကြည့်ဆဲပါ” ဟု PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

ထိုဖြစ်စဉ်အတွင်း ကနဦး နိုင်ငံရေးအကျဉ်းသား (၂)ဦးအပါအဝင် အခြားအကျဉ်းသား (၂)ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ရပြီး ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ်စိုးရိမ်ရသူ (၁)ဦး၊ ဒဏ်ရာအပြင်းအထန်ရရှိသူ (၅)ဦးနှင့် အခြားထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဦး စုစုပေါင်း ဒဏ်ရာရရှိသူ (၁၆)ဦးအနက် အသက်အန္တရာယ် စိုးရိမ်ရသူ အကျဉ်းသား ထပ်မံသေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ရှင်းပြပြောဆိုသည်။

 

စစ်ကောင်စီဘက်က ပြင်းထန်ဒဏ်ရာရသူများကို ကနဦး ဆေးဝါးစောင့်ရှောက်မှုပေးခဲ့သည်ဟုဆိုသော်လည်း စောင့်ကြည့်နေရသည့်အခြေအနေတွင်သာရှိနေကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသား(၁၀)ဦးအနက် အချို့နှင့် ဆန္ဒပြမှုဖြစ်စဉ်အတွင်း ပါဝင်ခဲ့သူဟုယူဆရသည့် အခြားသော အကျဉ်းသားများကို တိုက်ပိတ်အရေးယူမှုများရှိနေကြောင်း PPNM ထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီက ဧပြီ ၁၈ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဟုဆိုကာ နိုင်ငံတစ်ဝှမ်းအကျဉ်းထောင်များမှ အကျဉ်းသား(၃၃၀၃)ဦး လွှတ်ပေးခဲ့သည့်အနက် နိုင်ငံရေးအကျဉ်းသား (၁၀၁) ဦးသာပါဝင်ခဲ့သည်ကို မြစ်ကြီးနားအကျဉ်းထောင်တွင်း အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများပါဝင်သည့်အဖွဲ့မှ တရားမျှတမှုမရှိသည့်အတွက် ဆန္ဒထုတ်ဖော်ခဲ့ရာမှ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များမှ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

 

အဆိုပါလွတ်ငြိမ်းအတွင်းမှ မြစ်ကြီးနားထောင်မှ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း(KBC)ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆွမ်ဆန်ကို နံနက်ပိုင်းတွင်လွှတ်ပေးခဲ့သော်လည်း ည ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သားအများအပြားဖြင့် မေးမြန်းရန်ရှိသည်ဟုဆိုကာ ပြန်ဖမ်းသွားသည်မှာ ယခုအချိန်အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပေ။

 

ဓာတ်ပုံ-PPNM