မြဝတီ အမှတ်(၁)တံတား နံနက်ဖြန် ပြန်ဖွင့်မည် တံတားကူးလက်မှတ် ရက်ကျော်ဒဏ်ကြေး လျှော့ပေါ့ပေးမည်ဟု ထိုင်းလ.ဝ.က ဆို

Author လင်းနွေဦး
Categories
Published on Apr 25, 2024

ကရင်ပြည်၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ဧပြီ ၂၆ ရက် သောကြာနေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

 

အမှတ် ၁ တံတားကို နယ်မြေအခြေအနေမငြိမ်သက်မှု၊ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစတင်၍ မြန်မာဘက်က ယာယီဖြတ်သန်းခွင့်ပိတ်ထားခြင်းဖြစ်သည်။

 

နံနက်ဖြန် ဧပြီ ၂၆ ရက်နေ့တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များ ပြန်လည်ထုတ်ပေးမည်ဟု အမှတ် (၁)တံတားရှိ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများ၏ ကြားချက်အရ သိရကြောင်း နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်သက်တမ်း သွားတိုးရန် စုံစမ်းနေသည့် မြဝတီဒေသခံများက CJ Platform သို့ပြောသည်။

 

“မနေ့က တံတားပြန်ဖွင့်မယ်လို့ သတင်းတွေကြားတော့ လုပ်ထားတဲ့ တံတားကူးလက်မှတ် သက်တမ်းတိုးဖို့ အခြေအနေသွားကြည့်တာ။ ထိုင်းဘက်ကတော့ ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်ကတည်းက ဖြတ်ခွင့်ပေးတယ်။ မြန်မာဘက်က ပေးမဖြတ်တော့ မြဝတီကနေ မဲဆောက်ဘက် ပြန်ကူးမရသူတွေ အများကြီးပဲ။ ထိုင်းလ.ဝ.က ရုံးက ဝန်ထမ်းကို နည်းနည်းတီးခေါက်ကြည့်တော့ မနက်ဖြန်(၂၆ ရက်)ကျရင် မြန်မာဘက်ကလည်း တရားဝင်ပြန်ဖွင့်မယ်လို့ပြောတယ်” ဟု နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့် မဲဆောက်မြို့တွင် နေထိုင်နေသည့် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

 

ဧပြီလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက မဲဆောက်မြို့သို့ရောက်လာသော ထိုင်းဒုဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယမန်နေ့ ဧပြီ ၂၄ ရက်နေ့ မွန်းတည့်ပိုင်းတွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)သို့ လာရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ အဆိုပါအမျိုးသား၏ ပြောကြားချက်အရ သိရသည်။

 

“မနေ့ကလည်း သူတို့တွေ(ဝန်ကြီးတွေ) တံတားဘက်ကိုလာပြီး စစ်ဆေးတာတွေရှိတယ်။ ထိုင်းမီဒီယာအချို့ လိုက်ပြီးသတင်းယူတာလည်းတွေ့တယ်။ သူတို့ညှိနှိုင်းဆွေးနွေးခဲ့တာတွေထဲမှာ တိုက်ပွဲတွေကြောင့် တံတားပိတ်လိုက်ရလို့ သက်တမ်းမတိုးနိုင်တဲ့သူတွေအတွက် ဒဏ်ကြေးလျော့ပေါ့ပေးဖို့တွေလည်း ပါတယ်။ ဘတ်ငွေ ၃၀ဝ ဝန်းကျင်လောက်ပဲ ကျသင့်မယ်လို့ ထိုင်းဘက်ခြမ်း လဝကရုံးက ပြောလိုက်တာ။ ပုံမှန်ဆို ဒဏ်ကြေးက နှစ်ရက်လောက်ဆိုရင်တောင် ဘတ် ၇၀ဝ-၁၀ဝ၀ ကြားတောင်းနေတာလေ” ဟု ၎င်းက ဆက်ပြောသည်။

 

လက်ရှိတွင် ခုနစ်ရက်သက်တမ်းရှိ တံတားကူးလက်မှတ်(စာအုပ်စိမ်း)၊ မြဝတီ အိမ်ထောင်စုစာရင်းဖြင့် ၁၄ ရက်သက်တမ်းအထိနေထိုင်နိုင်သည့်လက်မှတ်(စာအုပ်ပြာ)တို့ဖြင့် ထိုင်းနိုင်ငံမဲဆောက်ဘက်ခြမ်းသို့ ကူးသန်းသွားလာနေသည့် ဒေသခံများနှင့် သွားရောက်အလုပ်လုပ်ကိုင်နေသူများမှာ သက်တမ်းသွားတိုးရာတွင် ထိုင်းဘက်မှ ထွက်ခွင့်ပြုပေးသော်လည်း မြန်မာဘက်မှ ခွင့်မပြုပေးသဖြင့် ထိုင်းဘက်သို့ပြန်ဝင်ခွင့်မရဖြစ်နေကာ မြဝတီမြို့ အမှတ် (၁)တံတားအနီးရှိ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းမဟာမိတ်တပ်များက ဧပြီ ၁၉ ရက် နေ့ညပိုင်းတွင် မြဝတီ မြို့စောင့်တပ် ခလရ-၂၇၅ မှ စခန်းစွန့်ခွာ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့သည်။

 

ထို့နောက် ဧပြီ ၂၀ ရက် နံနက်အစောပိုင်းတွင် ၎င်းတို့ပုန်းခိုနေသည့် တံတားအောက်သို့ KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအင်အား အလွန်အကျွံ အသုံးပြုတိုက်ခိုက်မှုတို့ကြောင့် ဒေသတွင်း စစ်ရေးရေချိန် စိုးရိမ်ရေမှတ် သို့ရောက်ရှိခဲ့သဖြင့် ထိုင်း-မြန်မာ နှစ်ဘက်စလုံးမှ ကုန်သွယ်ရေးတံတား အမှတ်(၂)နှင့် ချစ်ကြည်ရေးတံတား အမှတ်(၁)တို့ကို ဧပြီ ၂၀ ရက်နေ့မှစတင်ကာ ယာယီဖြတ်သန်းခွင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

 

 

 

ပုံစာ – မြဝတီ-မဲဆောက်သို့ ကူးသန်းသွားလာနိုင်သည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁) ဝင်ပေါက်ကိုမြင်ရစဉ်