မတ္တရာမြို့နယ်တွင် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

Author မင်းထက်
Categories
Published on Apr 25, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကို PDF များက သတ်ဖြတ်သွားကြောင်း စစ်ကောင်စီလော်ဘီချန်နယ်များမှ ရေးသားထားသည်။

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဗိုလ်မှူးသက်နိုင်စိုးသည် ဧပြီ ၂၄ ရက်  နံနက်ပိုင်းက မတ္တရာမြို့ပေါ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်  ထိုင်နေစဉ် သေနတ်သမားတချို့မှ ဝင်ရောက်ပစ်ခတ်သွားရာ သေဆုံးသွားကြောင်း၊ ဗိုလ်မှူးသက်နိုင်စိုးပစ်ခတ်ခံရပြီး နောက်  စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းတင်းကျပ်ကျပ်စစ်ဆေးလျက်ရှိ ကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

 

“အသတ်ခံရသူက  ဗိုလ်မှူး သက်နိုင်စိုး ပါ။ လက်ဖက်ရည်ဆိုင်ကို တယောက်ထဲထိုင်နေချိန်ကို  ဝင်ပစ်ခံရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

အထက်ပါ ဗိုလ်မှူးသည် မတ္တရာသားတစ်ဦးဖြစ်ပြီး မတ္တရာမြို့ကို တာဝန်ပြန်ကျသည်မှာ လေး လခန့်ရှိပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲဘော်တစ်ဦးက ဆိုသည်။

 

“DSA အပတ်စဥ် (၄၆)ဆင်း ဗိုလ်မှူးသက်နိုင်စိုး မတ္တရာကို တာဝန်ပြန်ကျတာ (၄)လခန့်ရှိပြီ ၊ သူရောက်လာပြီးကတည်းက မတ္တရာမြို့နယ် ကျေးရွာများကို စီးနင်း မီးရှို့ဖြစ်စဥ်တွေ ပိုများလာတယ် ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းထုတာတွေကြောင့် အပြစ်မဲ့ပြည်သူ (၂၀)ခန့် သေဆုံးတာတွေ ဖြစ်လာတယ်၊သူက အတော်ဆိုးသွမ်းပြီး ရက်စက်သူလို့ နာမည်ကြီးနေသူပါ” ဟု ၎င်းကဆက်လက်ပြောသည်။

 

ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်လာခြင်းမျိုး မရှိသေးပေ။