မြင်းခြံမြို့နယ် ကုက္ကဲရဲစခန်းကို တော်လှန်ရေးတပ်များက ယာယီသိမ်းပိုက်နိုင်ခဲ့
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကုက္ကဲရဲစခန်းတွင် အခြေစိုက်နေထိုင်သော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကာ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး စခန်းကို ယာယီသိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ထံက သိရသည်။
ယနေ့ ဧပြီ၂၅ရက် နံနက် ၃ နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းအတွင်း တပ်စွဲထားသော အင်အား ၃၀ ကျော်ရှိ စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ အထိအခိုက်များသောကြောင့် ကုက္ကဲရွာကို အကာအကွယ်ယူ၍ အမှတ်(၃) တပ်မတော်အကြီးစားစက်ရုံဘက်သို့ ဆုတ်ခွာသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က အသိပေးထုတ်ပြန်ထားသည်။
“မိနစ် ၂၀ ဝန်းကျင်ပါပဲ ထိတွေ့မှုက ၊ စခန်းပတ်ကင်းနဲ့တွေ့တာ ကင်းသမားကို ပစ်နိုင်ခဲ့တာပေါ့။အဓိက ကတော့ ကင်းကျိုးပြီး အလန့်တကြားထွက်ပြေးရတာ။ ကျွန်တော်တို့က စခန်းဝန်းထဲအထိ ၀င်ရောက်နိုင်ခဲ့တာပါပဲ။ လုံခြုံရေးနဲ့ သတင်းပေါက်မှုတချို့ရှိလို့ ချက်ချင်းပြန်ဆုတ်ခဲ့တာပါ”ဟု အနောက်မြောက်စစ်ဒေသ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မြင့်နိုင်က ပြောသည်။
စခန်းသိမ်းပိုက်ပြီးနောက် စက်ရုံဘက်သို့ တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်မှ ရဲစခန်းဘက်သို့ လက်နက်ကြီးများနှင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ အမှတ်(၈၁၅)တပ်ဖွဲ့- PLA (အနောက်မြောက်စစ်ဒေသ) ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ – PLA စုပေါင်းအင်အား ၊ မြင်းခြံ 35 တပ်ဖွဲ့ ၊ Burmese Guerrilla Force – BGF ၊ KGတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ ဧပြီ ၂၄ ရက် နံနက်တွင်လည်း မြင်းခြံခရိုင်အတွင်းရှိ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ရဲကားနှစ်စီးတိုက်ခိုက်ခံရပြီး သေနတ်တစ်လက်သိမ်းဆည်းခံရကာ ကားနှစ်စီးလုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မြင်းခြံခရိုင်အမှတ်၄တပ်ရင်း ထံက သိရသည်။
ဓာတ်ပုံ – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်