ဧရာဝတီကို AA ထိုးစစ် ဝင်မှာလား
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းသည် နယ်နိမိတ်ထိစပ်နေသည့် နေရာတစ်ခုဖြစ်သည်။ ရခိုင်ပြည် ဂွမြို့နှင့် ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့ကို ဆက်သွယ်ထားသည့် အနောက်ဘက်ကမ်းခြေပတ်လမ်းစီမံကိန်းလည်း ရှိနေသည်။
ဂွမြို့-ကျောက်ချွန် -မကျီးဇင် -ရွှေသောင်ယံ -ချောင်းသာ -ငွေဆောင် -ဆင်မ -ငရုတ်ကောင်းကို ဆက်သွယ်ထားသည့် မိုင်ပေါင်း ၉၆မိုင် ဒသမ ၅ဖာလုံ ရှည်လျားသည့် ကမ်းခြေပတ်လမ်းတွင် ပေ ၁၈၀ အထက် တံတားပေါင်း ၁၄စင်း၊ ပေ ၁၈၀ အောက် တံတားပေါင်း ၁၉စင်း ပါဝင်သည့် လမ်းပိုင်းဖြစ်သည်။ ဒေသတွင်း ဆက်သွယ်ရေး ရေပြွန်ငယ် တံတားပေါင်း ၇၄စင်းထိ ပါဝင်နေသည်။ တည်ဆောက်ပြီး တံတားအချို့ ရှိသော်လည်း တံတားအဆင်းပေါင်း ၉၀ကျော်ထိ လိုအပ်နေသေးသည့် လမ်းပိုင်းဖြစ်သည်။ ယင်းလမ်းကို အသုံးပြုနိုင်ရန်မှာ လွယ်ကူခြင်းမရှိသေးပေ။
ရခိုင်ပြည် ဂွမြို့ကို အာရက္ခတပ်တော် AA မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၉ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ဂွမြို့သိမ်း တိုက်ပွဲအပြီးတွင် ဧရာဝတီတိုင်းအတွင်းသို့ AA မှ ထိုးစစ်ဆက်လက်ဝင်ရောက်လာမည်ဟု နိုင်ငံရေး သုံးသပ်သူများမှ သုံးသပ်ခဲ့ကြသည်။ ဇန်နဝါရီ ၉ရက်နေ့တွင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာရှိ စစ်ကောင်စီ ရဲစခန်းနှင့် ကင်းစခန်းများကို AA မှ ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ဧရာဝတီတိုင်းအတွင်း ပထမဆုံး AA ထိုးစစ်ဖြစ်ခဲ့သည်။
မကျီးဇင်ကျေးရွာမှ စစ်ရှောင်ပြည်သူများ ရွှေသောင်ယံမှတဆင့် ချောင်းသာကမ်းခြေကို ထွက်ပြေးတိမ်းရှောင်လာပြီးနောက် ဧရာဝတီတိုင်းကို AA ထိုးစစ်စတင်ပြီဟု ဆိုကြသည်။ ထို့နောက် မကျီးဇင်နှင့် အနီးရှိ ဘောမိကျေးရွာကို ဇန်နဝါရီ ၁၂ရက်နေ့တွင် AA မှ တပ်ဦးအလံလာရောက်စိုက်ထူသည်ဟု သတင်းထွက်ပေါ်ခြင်းနှင့် အတူ စစ်ကောင်စီမှ ဘောမိကျေးရွာကို လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချသည်ဟုဆိုသည်။ ဒေသခံများထံ ဆက်သွယ် အတည်ပြုချက်အရ ဘောမိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရပြီး။ ပြည်သူများမှာ ရွှေသောင်ယံမြို့ကို စစ်ဘေးတိမ်းရှောင်မှုများသာ ပိုမိုများပြားလာခဲ့ပြီး ရွှေသောင်ယံမြို့တွင် ဆန်ရိက္ခာများ ပြတ်လပ်သွားသည်အထိ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် AA သည် ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့အနီးရှိ စစ်ကောင်စီ ဗေဒါဂိတ်နှင့် ဒေါင်းချောင်းဂိတ်ကို ဂွမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၁၈ရက်နေ့က ဝင်ရောက် သိမ်းပိုက်ခဲ့သေးသည်။ ငသိုင်းချောင်းမြို့ကို AA တပ်များ ဝင်လာပြီဟု သတင်းစကားများ ထွက်ပေါ်ခဲ့သော်လည်း ဒေသခံများကို ဆက်သွယ်မေးမြန်းချက်များအရ ငသိုင်းချောင်းမြို့ပြင်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ကယ်အရောင်းဆိုင်အချို့နှင့် အချို့သော စျေးဆိုင်များ ပိတ်သိမ်းကာ မြို့တွင်းကို ပြောင်းရွေ့ခဲ့ခြင်းသာဖြစ်သည်ဟု သိရသည်။
အနောက်ဘက်ကမ်းခြေပတ်လမ်းတွင် အရေးပါနေရာဖြစ်သည့် ရွှေသောင်ယံမြို့သည့် စစ်ကောင်စီ၏ ခံစစ်ပြင်ဆင်ရာ မြို့တစ်ခုဖြစ်သည်။ ရွှေသောင်ယံတံတား မဖွင့်လှစ်နိုင်မီ ၂၀၁၈ ဖေဖေါ်ဝါရီလတွင် စစ်ကောင်စီသည် ရွှေသောင်ယံမြို့တွင် ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ဖူးသည်။ ရွှေသောင်ယံတံတားကို ၂၀၁၈ခုနှစ် အောက်တိုဘာလမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ကောင်စီသည် ရွှေသောင်ယံမြို့တွင် ခံစစ်ပြင်ဆင်ထားသည်ကို ဒေသခံများ ပြောကြားချက်အရ သိရသည်။
ရွှေသောင်ယံ – ချောင်းသာ – ပုသိမ် ကားလမ်းကို ဇန်နဝါရီ ၁၃ရက်နေ့တွင် ပိတ်မည်ဟု သတင်းစကားထွက်ပေါ်ခဲ့သည်။ ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ ငွေဆောင်- ချောင်းသာ- ရွှေသောင်ယံ- ဝက်သေ- သဖော့ကန်- သဲကျင်း- ပိုးလောင်း- ကျွန်းချောင်း- မာ့သာ- မီးလောင်ချိုင်- တောင်နီမော်- ဘောမိတလျှောက် ပုံမှန်အတိုင်း သွားလာလျက်ရှိခဲ့သည်။ ဇန်နဝါရီ ၁၂ရက်နေ့ မနက်ပိုင်းတွင် ဘောမိ၊ တောင်နီမော်၊ မီးလောင်ချိုင်များဘက်တွင် လက်နက်ကြီးသံအချို့ကို ဒေသခံများ ကြားခဲ့ရသော်လည်း ဇန်နဝါရီ ၁၃ရက်နေ့နှင့် ဇန်နဝါရီ ၁၄ရက်နေ့ မနက်ပိုင်းတို့တွင် မည်သည့် လက်နက်ကြီးသံကိုမှ ကြားရခြင်း မရှိတော့ပေ။ ဒေသခံများ ပြောကြားချက်အရ လက်နက်ကြီးသံသည် စစ်ကောင်စီတပ်မှ ကြောက်လန့်ကာ ခြောက်လှန့်ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရခိုင်ပြည်တွင် မြို့တော်စစ်တွေ၊ မာန်အောင်နှင့် တရုတ်ရင်းနှီးမြုပ်နှံအဓိက ပါဝင်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့များကို အာရက္ခတပ်တော် AA မှ သိမ်းပိုက်ရန် ကျန်ရှိသေးသည်။ ကျောက်ဖြူမြို့ကို AA မှ ဝန်းရံပိတ်ဆို့ထားသော်လည်း မြို့တွင်း တိုက်ပွဲများ ဖော်ဆောင်ခြင်းကိုတော့ ယနေ့အချိန်ထိ လုပ်ဆောင်ခြင်း မရှိသေးပေ။
မြန်မာ့နိုင်ငံရေးအပေါ် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုသည် ထင်ထင်ရှားရှားပင်ဖြစ်သည်။ တရုတ်အကျိုးစီးပွားရှိရာ ကျောက်ဖြူမြို့တွင် ယနေ့အချိန်ထိ တိုက်ပွဲ ကင်းစင်နေသည်။
အလားတူ ဧရာဝတီတိုင်းတွင်လည်း တရုတ်ရင်းနှီးမြုပ်မှု အဓိကပါဝင်နေသည့် စီမံကိန်းတစ်ခုရှိနေသည်။ ယင်းစီမံကိန်းသည် အနောက်ဘက် ကမ်းခြေပတ်လမ်းပေါ်တွင် တည်ရှိနေပြီး ဘောမိကျေးရွာအနီး မီးလောင်ချိုင်ဒေသတွင် ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့အစိုးရ တာဝန်ယူခဲ့သည့် အချိန်တွင် စတင်ခဲ့သည့် မီးလောင်ချိုင်ဒေသတွင် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့ (LNG) သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းသည် စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင်လည်း ဆက်လက်လုပ်နေသည်။ အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့လက်ထက်တွင် ယင်းစီမံကိန်းကို အကောင်ထည်ဖော်ဆောင်နိုင်ရန် မီးလောင်ချိုင်ဒေသကိုပါ မီးလင်းချိုင်ဒေသဟု ပြောင်းလဲခေါ်ဝေါ်စေခဲ့ပြီး မီးလင်းချိုင် စီမံကိန်းဟုပင် အမည်ပေးခဲ့သည်။ ၂၀၂၁ခုနှစ် မေ ၇ရက်နေ့တွင် စစ်ကောင်စီမှ စီမံကိန်းကို ဆက်လက်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။ စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂ဒသမ၅ ဘီလျံတန် စီမံကိန်းဖြစ်သည်။
တရုတ် Energy Holding ကုမ္ပဏီအဖွဲ့မှ ၄၁ရာခိုင်နှုန်း၊ Yunnan Energy Investment ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း၊ Zhefu Group ကုမ္ပဏီမှ ၁ရာခိုင်နှုန်းပိုင်ဆိုင်ကာ မြန်မာ ကုမ္ပဏီဟု အမည်တပ်ထားသည့် Supreme မှ ၁၉ ရာခိုင်နှုန်းစီ ရင်းနှီးမြုပ်နှံထားသည်။
တရုတ်အကျိုးစီးပွား ကြီးမားစွာ ရှိနေသည့် မီးလောင်ချိုင်ဒေသကို ဖြတ်ကျော်ကာ ဧရာဝတီတိုင်းအတွင်း AA ထိုးစစ် ဝင်ရောက်လာရေးမှာ တရုတ်အစိုးရ၏ ပါဝင်ပတ်သက်မှု မည်သို့ ရှိနိုင်မည်ကို လေ့လာရန် လိုအပ်နေသည်။ ကျောက်ဖြူမြို့ကို ထိုးစစ်ဆင်ခြင်း မရှိသေးသည့် အာရက္ခတပ်တော်သည် မီးလောင်ချိုင်ကို ဖြတ်ကျော် ထိုးစစ် ဆင်လာနိုင်မည်လား။
စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်း ခြေကုပ်ရယူကာ ခံစစ်ပြင်ထားသည်ကို ဒေသခံများထံမှ စုစည်းရရှိထားသည့် အချက်အလက်များအရ သိရသည်။
ဝက်သေ၊ မီးလောင်ချိုင်၊ ရွှေသောင်ယံ အစရှိသည့် ဒေသများရှိ ဟိုတယ်၊အိမ်ယာစီမံကိန်းများတွင် အသုံးပြုနေသည့် မြေတူးစက်ကြီးများ၊ ကရိန်းစက်ကြီးများ၊ မော်တော်ယာဉ်ကြီးများကို စစ်ကောင်စီတပ်မှ ချောဆွဲထားသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်းတွင် စစ်ကောင်စီတပ်သည် ကြည်းတပ်အင်အား လျော့နည်းနေသော်လည်း ပုသိမ်လေတပ်စခန်းနှင့် ဟိုင်းကြီးရေတပ်စခန်းတို့ ရှိနေသည်။ ထို့အပြင် သမီးလှကျွန်းခေါ် လိပ်ကျွန်းတွင် စစ်ကောင်စီ၏ ရေတပ်စခန်း ရေဒါစခန်းအပြင် အာဏာသိမ်းကာလ မတိုင်မီ စစ်ကောင်စီတပ်သား (၇)ဦးသာ ရေဒါစခန်းအစောင့်အဖြစ် ထားရှိသည့် သမီးလှကျွန်းတွင် စစ်သည်အင်အားကို တိုးချဲ့ချထားသည်ဟု သိရသည်။ အလကားတူ ရွှေသောင်ယံမြို့အနီးရှိ လေးလမ်းသွား ကွန်ကရိလမ်းမကြီးကို အရေးပေါ် လေယာဉ်ကွင်းအဖြစ် အသုံးပြုနိုင်ရန် တိုင်းတာပြင်ဆင်နေသည်ဟုဆိုသည်။
အနောက်ဘက်ကမ်းခြေတလျှောက် AA ထိုးစစ် ဝင်ရောက်ရေးသည် တရုတ်ရင်းနှီးမြုပ်နှံမှု ကြီးမားသည့် မီးလောင်ချိုင် LNG စီမံကိန်းအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ရေလမ်းခရီးဖြင့် ဝင်ရောက်လာမည့် အရေးကိုလည်း စစ်ကောင်စီမှ ကြိုတင်တွက်ဆထားသည်ဟု ဆိုနိုင်သည်။ နှစ်စဉ် တပေါင်းလဆန်း (၁) ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပမြဲဖြစ်သည့် မော်တင်စွန်းဘုရားကို ပွဲတော်ကြီးသဖွယ် မကျင်းပဘဲ စိစစ်လုပ်ဆောင်မည်ဟု သိရသည်။ ယနေ့ အချိန်ထိ စျေးဆိုင်တန်းများ၊ တည်းခိုဆောင်များအတွက် လေလံများခေါ်ယူခြင်း ဇာတ်ပွဲများအတွက် ခေါ်ယူခြင်းနှင့် ဘုရားဖူးဧည့်သည်များအတွက် လုံခြုံရေး အစီအမံများကို ထုတ်ပြန်လာခြင်း မရှိသေးသည်က စစ်ကောင်စီသည် ဧရာဝတီတွင် ခံစစ်ပြင်ထားသည်မှာ အသေအချာပင်ဖြစ်သည်။