ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ဆက်ဆံရေးကောင်းရှိသူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာ

Author လင်းနွေဦး
Categories
Published on May 02, 2024

ထိုင်းနိုင်ငံရေးသမိုင်းတွင် ဩဇာကြီးမားခဲ့သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ(Thaksin Shinawatra)နှင့် ဆက်ဆံရေးကောင်းရှိသူ သံအမတ်ဟောင်း မာရစ် ဆန်ချိုင်ပွန်ဆ(Maris Sangiampongsa)ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ဘုရင့်နန်းတော်က ယမန်နေ့က ခန့်အပ်လိုက်သည်။

 

ပြီးခဲ့သည့် ခုနစ်လအတွင်း မှတ်တမ်းကောင်းများစွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ်စတာ ပန်ပရီ နေရာကိုဆက်ခံရန် ဖိအားရှိသည်ဟု မခံစားရဘဲ အကောင်းဆုံးလုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ယမန်နေ့ မေလ ၁ ရက်နေ့တွင် ဒေသတွင်းသတင်းထောက်များနှင့်တွေ့ဆုံစဉ် ဝန်ကြီးသစ်က ပြောသည်။

 

“ကျွန်တော့်အတွက်တော့ ဒီနေရာကိုဆက်ခံဖို့ ယုံကြည်ချက်ရှိပါတယ်။ ဘာလို့ဆို သံအမတ်အဖြစ်နဲ့လည်း နိုင်ငံပေါင်းများစွာကို သွားခဲ့ရတဲ့အတွေ့အကြုံတွေရှိရုံမကဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှာပဲ လုပ်ကိုင်ခဲ့ရတဲ့အတွက် ကျွန်တော့်အတွက်တော့ ဖိအားမရှိပါဘူး။ ပြီးတော့ ကျွန်တော့်အတွက် ကန့်သတ်ချက်တွေမထားဘဲ အလုပ်လုပ်ရတာကြိုက်တဲ့အတွက် ဒုဝန်ကြီးချုပ်ရာထူးလည်း မလိုအပ်လှပါဘူး” ဟု မစ္စတာ မာရစ်က ထိုင်းအခြေစိုက် The Nation သတင်းဌာနသို့ပြောသည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီးချုပ် ပန်ပရီ ဖဟီထာ နုကွန်(Parnpree Bahiddha-Nukara)သည် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က ထိုင်းဘုရင့်အစိုးရရုံးမှ တရားဝင်ထုတ်ပြန်သည့် အုပ်ချုပ်သူများစာရင်းတွင် ၎င်းကို ဒုဝန်ကြီးချုပ်အနေဖြင့် မဖော်ပြဘဲ နိုင်ငံခြားရေးဝန်ကြီးအဖြစ်သာ ဖော်ပြခဲ့ပြီးနောက် ရုတ်တရက်နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

 

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်(Srettha Thavisin)က ‘တာဝန်တစ်ခုခု ပေးအပ်ထားပြီလား’ ဟူသည့် သတင်းသမားများ၏ မေးခွန်းကို ဝန်ကြီးအဖြစ် ကျမ်းသစ္စာမကြိမ်ဆိုရသေး၍ မည်သည့်အရာမျှ ဝန်ကြီးချုပ်နှင့် မဆွေးနွေးရသေးကြောင်း မစ္စတာ မာရစ်က ပြန်လည်ဖြေကြားသည်။

 

မာရစ်နှင့် ဝန်ကြီးဟောင်း ပန်ပရီတို့သည် ဆက်ဆံရေးကောင်းရှိသူများဖြစ်ပြီး ပန်ပရီမနုတ်ထွက်မီ နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် နောက်ကွယ်မှ အကြံဉာဏ်များပေးနေသူဖြစ်သည်။ ထို့နောက် မာရစ် ဝန်ကြီးသစ်အဖြစ် ခန့်အပ်ရန် ဘုရင့်နန်းတော်က ကြေညာလိုက်ပြီးနောက် ပန်ပရီနှင့် တွေ့ဆုံခဲ့သည်ဟု ထိုင်းသတင်းဌာနများက ရေးသားဖော်ပြကြသည်။

 

“ကျွန်တော်နဲ့ မစ္စတာ ပန်ပရီနဲ့ တွေ့ဆုံခဲ့ပြီး မပြီးပြတ်သေးတဲ့အလုပ်တွေ ဆက်လုပ်ဖို့ညွှန်ကြားတာမျိုးရှိပါတယ်။ ဘာတွေလဲဆိုတာတော့ ကျွန်တော်တရားဝင် ဝန်ကြီးရာထူးကို မယူရသေးတဲ့အတွက် ထုတ်ဖော်ပြောကြားလို့မရပါဘူး” ဟု ထိုင်းအခြေစိုက် Bangkok Post သတင်းဌာနသို့ ပြောသည်။

 

နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ကြေညာခံထားရသည့် မစ္စတာ မာရစ်ကို ထိုင်းဒေသတွင်းသတင်းစာများက ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ရင်းနှီးသည့်ဆက်ဆံရေး ရှိခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ရာတွင်မူ ဖြေဆိုရန်ငြင်းပယ်ခဲ့သည်။

 

ကမ္ဘာ့နိုင်ငံများနှင့်ဆက်ဆံရာတွင် အဓိကကျသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနေရာကို မည်သူ့ကို ခန့်အပ်မည်နည်းဆိုသည်ကို အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံကြီးများက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြသကဲ့သို့ လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ နယ်စပ်ရေးရာပြဿနာများအပါအဝင် အခြားနိုင်ငံများနှင့်ဆက်ဆံရေးအပေါ် ဝန်ကြီးဟောင်း ပန်ပရီကဲ့သို့ မည်သို့ကိုင်တွယ်ဖြေရှင်မည်နည်းဆိုသည်ကို အားလုံးက စောင့်ကြည့်လေ့လာနေကြသည်။

 

ဓာတ်ပုံ – The Nation

 

ပုံစာ – ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည့် မစ္စတာ မာရစ် ဆန်ချိုင်ပွန်ဆ(Maris Sangiampongsa)