တောင်အာဖရိကရွေးကောက်ပွဲမှာ ANC ပါတီက မဲ ၄၀ ရာခိုင်နှုန်းဝန်းကျင်သာရရှိခဲ့တဲ့အတွက် ဆယ်စုနှစ်သုံးခုစာ လွှမ်းမိုးထားမှု အဆုံးသတ်ခဲ့ရပြီး ညွှန့်ပေါင်းအစိုးရသာ ဖွဲ့နိုင်မည်

Author အဂ္ဂ
Categories
Published on Jun 02, 2024

တောင်အာဖရိကနိုင်ငံမှာ  ပြီးခဲ့တဲ့ မေ (၂၉) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း လက်ရှိအာဏာရ ပါတီဖြစ်တဲ့ အာဖရိကအမျိုးသားကွန်ဂရက် (ANC) ပါတီဟာ မဲအရေအတွက် ၄၀ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့တာကြောင့် တစ်ပါတီတည်း အစိုးရဖွဲ့ခွင့်မရနိုင်တော့ဘဲ ညွှန့်ပေါင်းအစိုးရသာ ဖွဲ့နိုင်တော့မယ်လို့ နိုင်ငံခြား သတင်းဌာနတွေရဲ့ ‌ဖော်ပြချက်အရ သိရပါတယ်။

 

တိုင်းပြည်ကို အသားအရောင်ခွဲခြားမှုကနေ လွတ်မြောက်စေခဲ့တဲ့ ANC ပါတီရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူလူထုဟာ အလုပ်လက်မဲ့ဖြစ်မှုတွေ၊ မညီမျှမှုတွေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်နေမှုတွေ ကြုံတွေ့လာခဲ့ရတာကြောင့် အခုတစ်ခေါက်မဲပေးပွဲမှာတော့  လူထုရဲ့ ဒေါသသင့်နေတဲ့ ANC ပါတီဟာ မဲ ၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ဆယ်စုနှစ်သုံးစုကြာ တစ်ပါတီတည်း လွှမ်းမိုးထားမှု အဆုံးသတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

 

အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကို ဦးဆောင်လှုပ်ရှားခဲ့သူလည်းဖြစ် တောင်အာဖရိကနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရတဲ့ ပထမဦးဆုံ သမ္မတလည်းဖြစ်တဲ့ နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ရဲ့ အမွေအနှစ်ပါတီလို့ ဆိုနိုင်တဲ့ ANC ပါတီဟာ ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ ရရှိခဲ့တဲ့ မဲ ၅၇ ဒဿမ ၅ ရာခိုင်နှုန်းထက် အံ့ဩစရာကောင်းလောက်အောင် မဲအရေအတွက် လျော့နည်းခဲ့တာကြောင့် အခြားပြိုင်ဘက်ပါတီနဲ့ အာဏာကိုခွဲဝေအုပ်ချုပ်ရတော့မှာ ဖြစ်တဲ့အတွက် ဒါဟာ မကြုံစဖူးတဲ့ အလားအလာမျိုးလည်း ဖြစ်လာပါတယ်။

 

ANC ပါတီရဲ့ ဥက္ကဋ္ဌနဲ့ လက်ရှိ သတ္တုတွင်းနဲ့ စွမ်းအင်ဝန်ကြီး ဂွီမန်တာရှီ ( Gwede Mantashe) ကို တောင်အာဖရိကအသံလွှင့်ကော်ပိုရေးရှင်း (SABC) က သတင်းထောက်တွေက  ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ ဘယ်ပါတီတွေနဲ့ ဆွေးနွေးဖို့ရှိနေလဲဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ရာမှာတော့ “ကျွန်တော်တို့က ဘယ်သူနဲ့မဆို ပြောဆိုညှိနှိုင်းနိုင်ပါတယ်” ဆိုပြီးတော့ပဲ မေးခွန်းကို တိမ်းရှောင်ခဲ့ပြီး တိတိကျကျဖြေကြားခဲ့တာမျိုး မရှိခဲ့ပါဘူး။

 

ဗုဒ္ဓဟူးနေ့ (မေ ၂၉ ရက်) က ကျင်းပခဲ့တဲ့ မဲပေးပွဲက မဲတွေကို ရေတွက်နေမှုဟာ စနေနေ့ (ဇွန် ၁ ရက်) မှာဆိုရင် နောက်ဆုံးအဆင့်ကိုရောက်နေပြီဖြစ်ပြီး မဲအရေအတွက် စုစုပေါင်း ၉၉ ဒဿမ ၅၃ ရာခိုင်နှုန်းမှာ ANC ပါတီဟာ ၄၀ ဒဿမ ၂၁ ရာခိုင်နှုန်းသာ မဲရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

အဓိက ပြိုင်ဘက်ပါတီဖြစ်တဲ့ ဒီမိုကရက်တစ် မဟာမိတ်ပါတီ (Democratic Alliance- DA) က ၂၁ ဒဿမ ၈ ရာခိုင်နှုန်း၊ သမ္မတဟောင်း ဂျေးကော့ ဇူးမား (Jacob Zuma)  ဦးဆောင်တဲ့ uMkhonto we Sizwe (MK) ပါတီက ၁၄ ဒဿမ ၆ ရာခိုင်နှုန်းနဲ့  ANC ရဲ့ လူငယ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဂျူးလိယက် မာလီမာ (Julius Malema) ဦးဆောင်တဲ့ လက်ဝဲစွန်းပါတီတစ်ခုလည်းဖြစ်တဲ့ စီးပွားရေးလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူများ ပါတီ (Economic Freedom Fighters- EFF) က ၉ ဒဿမ ၄၈ ရာခိုင်နှုန်းကို ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

“ANC ပါတီရဲ့ မဲရရှိမှု ၅၀ ရာခိုင်နှုန်းအောက် ရောက်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ တာဝန်တစ်ခု ပြီးမြောက် အောင်မြင်ခဲ့ပါပြီ၊ ကျွန်တော်တို့က ANC ရဲ့ မာန်စွယ်ကို ချိုးချင်တာပါ” လို့ မာလီမာက မဲရလဒ်တွေ ထုတ်ပြန်တဲ့ စင်တာမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

 

“ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့အတွက် ကျွန်တော်တို့က ANC ပါတီနဲ့ ညှိနှိုင်းသွားမှာဖြစ်ပါတယ်၊ လက်ရှိမဲရေတွက်မှု အခြေအနေအရ (ANC ပါတီအနေနဲ့) တခြားပါတီတစ်ခုခုနဲ့ မပူးပေါင်းဘဲ (အစိုးရဖွဲ့နိုင်လောက်တဲ့အထိ) ပြိုင်ဘက်ကို အသာရနိုင်တဲ့ မဲအရေအတွက် ရနိုင်မှာ မဟုတ်ပါဘူး” လို့ သူကဆက်ပြောပါတယ်။

 

ANC ပါတီဟာ နိုင်ငံတွင်းမှာ လူဖြူလူနည်းစုရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့တဲ့ ၁၉၉၄ ရွေးကောက်ပွဲကနေစပြီး နောက်ပိုင်းကျင်းပတဲ့ ရွေးကောက်ပွဲတိုင်းမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ စီးပွားရေးမတည်ငြိမ်မှု၊ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာမှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဓာတ်အားပေးရေးစနစ်တွေ တစ်စ တစ်စ ယိုယွင်းပျက်စီးလာမှုတွေကို ဖြစ်ပေါ်လာစေပြီးတဲ့ နောက်မှာတော့ လူထုထောက်ခံမှု ကျဆင်းသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် သမ္မတဟောင်း ဇူးမားရဲ့ မွေးရပ်မြေဖြစ်တဲ့ KwaZulu-Natal ပြည်နယ်အတွင်းမှာ MK ပါတီရဲ့ အားကောင်းလှတဲ့ စွမ်းဆောင်ရည်တွေကလည်း ANC ပါတီကို အစိုးရဖွဲ့နိုင်ဖို့ လုံလောက်တဲ့ မဲမရရှိမှုအတွက် အဓိကကျတဲ့ အကြောင်းအရင်းလည်း ဖြစ်ခဲ့ပါတယ်။

 

လေ့လာသုံးသပ်သူတွေကတော့ ANC အနေနဲ့ ရွေးချယ်ခွင့်တစ်ခုရှိတာကတော့ ပါတီအနည်းစုသာ ပါဝင်တဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ခြင်းထက် ၁၉၉၄ ခုနှစ်မှာ ပြုလုပ်ခဲ့ကြတဲ့ သမိုင်းဝင် လူမျိုးပေါင်းစုံပါဝင်သော မဲပေးခဲ့မှု ကနေ ချမှတ်ခဲ့တဲ့ အစီအစဉ်တွေနဲ့ ဆင်တူတဲ့ နိုင်ငံရေးပါတီအများအပြားပါဝင်တဲ့ “အမျိုးသားညီညွှတ်ရေး အစိုးရ” ပုံစံမျိုးကိုလည်း လုပ်လို့ရနိုင်တယ်လို့ ဆိုကြပါတယ်။

 

ဒါပေမဲ့ မာလီမာကတော့ EFF ပါတီအနေနဲ့ကတေ့ အဲ့ဒီအကြံအစည်ကို ဆန့်ကျင်ကြောင်းနဲ့ ညွှန့်ပေါင်းအစိုးရရဲ့ တစိတ်တပိုင်းအနေနဲ့ပဲ ပါဝင်ဆောင်ရွက်လိုတယ်လို့ ဆိုပါတယ်။

 

နိုင်ငံရေးပါတီတွေရဲ့ မဲခွဲဝေရရှိမှုဟာ နိုင်ငံတော်သမ္မတကို ရွေးကောက်တင်မြှောက်နိုင်တဲ့ အမျိုးသားလွှတ်တော်မှာ နေရာတွေ ရရှိနိုင်ဖို့အတွက် အဆုံးအဖြတ်လည်း ဖြစ်ပါတယ်။

 

အာဖရိကနိုင်ငံရဲ့ အဖွံ့ဖြိုးဆုံးစက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံထားကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကတော့ နိုင်ငံရဲ့ အဓိက နိုင်ငံရေးသမားတွေအကြား ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာ ညှိနှိုင်းဖို့ ခက်နေကြရင် နိုင်ငံဟာ ငြင်းခုံမှုတွေ ထပ်ပြီးကြာရှည်လာနိုင်မှုကို ရှောင်လွှဲလိုကြပြီး မသေချာ မရေရာ ဖြစ်နေတဲ့ အခြေအနေတွေ ရှင်းရှင်းလင်းလင်း ဖြစ်သွားကြဖို့ကို မျှော်လင့်နေကြပါတယ်။

 

နိုင်ငံရေးပါတီအချို့ကတော့ မဲရလဒ်တွေ အပြိုင်အဆိုင်ဖြစ်အောင်လို့ မဲရေတွက်ရာမှာ ကွဲလွဲမှု တချို့ရှိနေတယ်လို့ သံသယဝင်နေတာမျိုးလည်း ရှိနေပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ မိုဆိုသူ မိုပီယာ (Mosotho Moepya) ကတော့ “ဒီလိုကန့်ကွက်ချက်တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စိုးရိမ်မှုတိုင်းကို သေချာထည့်သွင်းစဉ်းစားပြီး (မဲရေတွက်မှုကို) ဂရုတစိုက် လုပ်ဆောင်သွားမှာပါ”လို့ စနေနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ANC ပါတီရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူ (၁) ဖြစ်သူ နွန်ဘူလာ မိုကိုယာနေး (Nomvula Mokonyane) ကတော့ မဲဆန္ဒရှင်တွေရဲ့ ရပ်ရွာလူထုတွေကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆက်လက်နေထိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

 

လက်ရှိမှာ ANC ပါတီရဲ့ ရလဒ်တွေဟာ ယိမ်းယိုင်နေပေမယ့်လည်း လက်ရှိသမ္မတဖြစ်သူ ဆိုင်ရယ် ရာမာဖိုဆာ (Cyril Ramaphosa) အတွက်ကတော့ အရင်က လွတ်မြောက်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ဖူးတာရယ် ANC ပါတီဟာ ဒုတိယလိုက်နေတဲ့ ပါတီထက် မဲအရေအတွက် နှစ်ဆကျော် ရရှိခဲ့တာတွေရယ်ကြောင့် သမ္မတရာထူးမှာ ဆက်လက်မြဲနေဖို့လည်း ရှိပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အရင်ကထက် အင်အားလျော့ပါးသွားနိုင်ပြီး အတိုက်အခံဘက်ကရော ANC ပါတီထဲက အယူအဆကွဲသူတွေကပါ ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုတာမျိုးလည်း ကြုံလာရနိုင်ပါတယ်။

 

ပြီးခဲ့တဲ့ သောကြာနေ့မှာ ANC ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ မိုကိုယာနေးက သူ့ကို ပါတီခေါင်းဆောင်အဖြစ် ဆက်ရှိနေဖို့ ထောက်ခံခဲ့ပြီး လေ့လာသုံးသပ်သူတွေကလည်း သူ့ရာထူးကို ဆက်ခံနိုင်မယ့် သိသာထင်ရှားတဲ့သူရှိမနေဘူးလို့ ဆိုပါတယ်။

 

ANC ပါတီအနေနဲ့ သမ္မတရာထူးနေရာကို ဆက်လက်ရယူဖို့အတွက် အတိုက်အခံတွေရဲ့ ထောက်ခံပေးမှုပါ လိုအပ်နေပြီး အပြန်အလှန်အနေနဲ့ အစိုးရအဖွဲ့ရာထူးနေရာတွေ ဒါမှမဟုတ် လွှတ်တော်ကို ထိန်းချုပ်နိုင်တဲ့ လွှတ်တော်ဥက္ကဋ္ဌနေရာကိုပါ အတိုက်အခံတွေကို ပေးရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

 

“ကျွန်တော်တို့ ANC ပါတီဆီကနေ တောင်းဆိုမယ့် ရာထူးနေရာတစ်ခုကတော့ လွှတ်တော် ဥက္ကဋ္ဌနေရာပါပဲ” လို့ မာလီမာက ဆိုပါတယ်။

 

ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကိုတော့ တနင်္ဂနွေနေ့ (ဒီနေ့) မှာပဲ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာမှာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – REUTERS/Alet Pretorius

 

ကိုးကား – Reuters